Showing posts with label သုတေသန. Show all posts
Showing posts with label သုတေသန. Show all posts

Thursday, March 24, 2016

စင်္ကာပူ​တွေ့ ပျူ​ခေတ်​ ပါဋိ​ကျောက်​စာ

စင်္ကာပူတွေ့ ပျူခေတ် ပါဠိကျောက်စာ
................................................
ဒီကျောက်စာကို ပညာရှင်အသိုင်းအ၀န်းထဲမှာ
စင်္ကာပူတွေ့ ပျူကျောက်စာလို့အလွယ်ခေါ်ကြပါတယ်။
ရုတ်တရက်ကြည့်ရင် ဒီဘက်က တော်ရုံမဖတ်တတ်တဲ့
ပျူကျောက်စာများနဲ့ တူနေလို့ဖြစ်ပါတယ်။

ဆိုတော့ ထုံးစံအတိုင်း မဖတ်တတ်ရင် ပျူစာလို့ သတ်မှတ်
လေ့ရှိတဲ့အတိုင်း ဒီကျောက်စာသည်လည်း မြန်မာနိုင်ငံ
အတွင်းမှာ စင်္ကာပူတွေ့ ပျူကျောက်စာလို့ စာရင်းဝင်ခဲ့ပါတယ်။
တကယ်တော့ ကဒံဗအက္ခရာတွေနဲ့ ရေးထိုးထားတဲ့
ပါဠိဘာသာကျောက်စာတစ်ချပ်သာ ဖြစ်ပါတယ်။

အက္ခရာလှယ်ပြီးလေ့လာကြည့်တဲ့အခါ ပါဠိကျောက်စာ
တစ်ချပ်ဖြစ်ကြောင်း သိရှိရပြီးနောက် ရေးထိုးထားတဲ့
အက္ခရာစနစ်ကို လေ့လာကြည့်တဲ့အခါမှာ -

ကဒံဗအက္ခရာ              - ၇၅ %
ပလ္လ၀အက္ခရာ              - ၁၀ %
အရှေ့စလုကျ အက္ခရာ  - ၁၀ %
ဗြဟ္မီအက္ခရာ               - ၅ %   ခန့် ပါဝင်တာတွေ့ရပါတယ်။

ဒီကျောက်စာနဲ့အတူ ယိုးဒယားကျောက်စာ (၃)ပိုင်းအပါအ၀င်
တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီးတော့ ယခုအခါမှာ ကဒံဗကျောက်စာ
(ပျူခေတ်ကျောက်စာ)ပျောက်ဆုံးသွားပြီးတော့ မှင်ကူးသာရှိ
တော့တယ်လို့ သိရပါတယ်။

မိတ်ဆွေအများ လေ့လာနိုင်ရန် အက္ခရာလှယ်ပြီး
တင်ပြလိုက်ရပါတယ်။
By. Thant Lwin Oo
အမေးအဖြေ
==========
မေး Shane Sit Lwin Moe
ဆရာ စင်္ကာပူမှာ တွေ့တယ်ဆိုတော့ နောက်ပိုင်းမှရောက်သွားတာလား ပျူခေတ်ကတည်းက ရှိနေတာလား

ဖြေ. Thant Lwin Oo
အစကတည်းက ရှိနေတယ်လို့ထင်ပါတယ်။ ပျူကျောက်စာလို့ ထုံးစံအတိုင်း အလွယ်ခေါ်ကြတာပါ။ အမှန်က ကဒံဗကျောက်စာလို့ ခေါ်ရမှာဖြစ်ပါတယ်။ ဘာသာစနစ်က ပါဠိဘာသာဖြစ်ပါတယ်။

မေး Shane Sit Lwin Moe
ဘာပဲဖြစ်ဖြစ် ပျူအာဏာစက်က အဲအထိ ပျံ့နံ့ခဲ့တာပေါ့

ဖြေ. Thant Lwin Oo
ဒီလိုလဲပြောမရပါဘူး။ ကဒံဗအက္ခရာစနစ်က ဗြဟ္မီအက္ခရာပွားတစ်မျိုးသာဖြစ်ပါတယ်။ ထိုခေတ် စင်္ကာပူနိုင်ငံအတွင်းမှာ ထိုအက္ခရာစနစ်သုံးစွဲခဲ့ကြတယ်လို့သာ သုတေသနနည်းအရကောက်ချက်ချရပါတယ်။ ဒီဘက်မှာရှုတ်နေတာကလဲ ရှေးမြန်မာကြီးတွေက သရေခေတ္တရာခေတ်မှာ ကဒံဗအက္ခရာအခြေခံတဲ့ ဖတ်ရခတ်ကျောက်စာတွေရေးထိုးခဲ့ကြတာကြောင့် သေချာမလေ့လာဘဲ မဖတ်တတ်တိုင်း ပျူစာလို့သတ်မှတ်ခဲ့တာကြောင့် အခုအချိန်အထိ နားလည်မှုလွဲမှားနေတာဖြစ်ပါတယ်။ တိုင်းရင်းဝေါဟာရ မပါဝင်ဘဲနဲ့ ပါဠိဘာသာကျောက်စာ သက်သက်ဖြစ်တာကြောင့် ကဒံဗအက္ခရာသုံး ပါဠိကျောက်စာလို့သာ သတ်မှတ်ရပါတယ်။

Approve ထပ်ဆင့်ဖြေသူ Nay Lin Thura
မြန်မာကျောက်စာရေးတဲ့ စာအသုံးအနှုန်တွေဟာ မြန်မာပြည်မှာပဲ့ရှိကြတာမဟုပ်ပါဘူး ဟိုးတစ်ချိန်တုန်းက အင်ဒိုနီးရှား မလေးရှား စတဲ့အရှောင်အာရှတခွင် ဟာ သက္ကတ သို့ဗြမဏီအက္ခရာကို ကိုယ်ပိုင်စာအဖြစ်သုံးကြပါတယ် အင်ဒိုက သိရိဝိဂျယ နိုင်ငံတော်ဆိုတာ ယနေ့အင်ဒို မလေး ထိုင်းတောင်ပိုင်းနဲ့ ကမ်ဘေားဒီးယားထိကို ရေကြောင်းနဲ့အာဥာစက်သက်ရောက်ခဲ့ကြပါတယ်  နောက်ပိုင်းခေတ်တွေမှာ အနောက်က အစ္စလာမ်ဘာသာတရားကူးပြောင်းမှုအရ ယခင်စာတွေကိုဖြောက်ပြီး အာရပ်စာတွေကိုကူပြောင်လက်ခံခဲ့ပြီး နောက်ပိုင်းလွတ်လပ်ရေးခေတ်တွေမှာ ကိုယ်ပိုင်စာမရှိသလိုဖြစ်ပြီး အင်္ဂလိပ်စာနဲ့ ဘသာစကားတီထွင်ခဲ့ရတာပါ ဆိုလိုတာက မြန်မာပြည်ကျောက်စာတွေနဲ့ အင်ဒိုမှာရှိတဲ့ကျောက်စာတွေနီးစပ်မှုရှိတယိလို့ဆိုလိုတာပါ ယနေ့မလေးစကားတွေထဲးမှာမြန်မာစကားလုံးအခေါ်တွေ ပါဋိလိုတွေအများကြီးပါဝင်ပါတယ် ဒါဟာလဲးဆပ်စပ်မှုတွေပါ မလေးလို petama ပတ်တာမ မြန်မာလို ပထမ piayalaပျားလား မြန်မာ ဖလား dulan ဒူလန်း  မြန်မာ ဒေါင်းလန်းကြီး အညာဘက်တွင်ထမင်းစုပုံစားရသေား လင်ဗန်း pingan ပင်ဂန်း မြန်မာ ပုကန် ထမင်းစာသေားပကန် raja ရာဂျာ ပြန်မာပါဋိ ရာဇာ ဘုရင် bumiဘူမိမြန်မာ ပါဋိ ဘူမိ သို့မြေကြီးနှင့်ဆိုင်သေား စသဖြင့်အများကြီးမြန်မာတွေနာလည်လောက်အောင် အခေါ်အဝေါ်တွေအများကြီးတူနေကြတာတွေပါ စာရှည်မှာစိုးလို့မရေးတော့ပါဘူး ဒါတွေဟာ လဲးတချိန်ခ်ျန်က ဆပ်စပ့်ခဲ့ကြသလားဆိုတာတော့ သုသေသနပြုမှရတော့မှာပါ

မေး .မြန်မာစစ်လျှင်ပျူ
ဘကြီး ...
ကျောက်စာမှာ
ရေးထားတဲ့ အကြောင်းအရာ က ဘာရေးထားတာလဲ??
ဖြေ Thant Lwin Oo
အလှူပွဲတစ်ခုပေးပြီးနောက် (သို့) ဘုရားတည်ပြီးနောက် ရေးထိုးခဲ့တာလို့ ယူဆရပါတယ်။

မေး. ကျော်သူ
ဒါဆိုပျိုလူမျိုးဟာတော်တော်အစဉ်လာကြီးပှာပေါ့ဆရာ

ဖြေ. Thant Lwin Oo
ရှေးပျူခေတ် သရေခေတ္တရာ ပျူဗရမ္မာအင်ပါယာက အလွန်ကြီးမားပါတယ်။ ယူနန်ကနေ ပင်လယ်အထိ ကျယ်ဝန်းကြောင်း တရုတ်မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အစဉ်အလာကတော့ကြီးပါတယ်။

ပျူ​ခေတ်​အုပ်​ခွက်​ဘုရား

သရေခေတ္တရာမင်းကြီး ဒွတ္တဘောင်ရဲ့ သာသနာပြုရာ
နယ်မြေဖြစ်တဲ့ မြန်မာနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းဒေသ
တွံတေးတောကြီးတန်းတစ်နေရာကနေ ၂၀၁၄ ခုနှစ်က
ရရှိခဲ့တဲ့ ပျူခေတ်အုတ်ခွက်ဘုရားတစ်ဆူဖြစ်ပါတယ်။

သရေခေတ္တရာရာဇ၀င်မှာ ဒွတ္တဘောင်မင်းကြီးဟာ နဂါးကြေးခွံလှေကြီးနဲ့ တောင်ပိုင်းကမ်းရိုးတန်းတလျှောက်
တိုင်းခန်းလှည့်လည်ကြောင်း၊ ရွှေတိဂုံဘုရားကြီးကို
ပြန်လည်ပြုပြင်ကာ ဘုရားဒကာတစ်ဦးအဖြစ် ခံယူတော်
မူကြောင်း၊ ရွှေတိဂုံဘုရားသမိုင်းပေမူတွင်လည်း
ရွှေတိဂုံစေတီတော်မြတ်ကို သရေခေတ္တရာမင်းကြီး
ဒွတ္တဘောင်က ပြန်လည်ပြုပြင်ကြောင်း ဖော်ပြထား
ပါတယ်။

တောင်ပိုင်းကမ်းရိုးတန်းတလျှောက်မှာ ပျူယဉ်ကျေးမှု
နယ်မြေတွေ လက်ညှိုးထိုးမလွဲ ရှိနေတဲ့အချက်နဲ့ အနှစ်
၂ထောင်ကျော်ပြီဖြစ်တဲ့ ဆံတော်ကြိုစေတီများကို ယနေ့တိုင်
တွေ့ရှိနေရဆဲဖြစ်ပါတယ်။ ပျူခေတ်စာအက္ခရာ ရေးထိုးထားတဲ့
စဉ့်ထည်ပေါင်း ရာ၊ ထောင်ချီပြီးတော့လည်း ရှာဖွေတွေ့ရှိ
ထားရာ တန်ဖိုးမဖြတ်နိုင်တဲ့ ပျူခေတ်ယဉ်ကျေးမှုနယ်မြေ
တစ်ခုဖြစ်ပါတယ်။

ဖော်ပြပါအုတ်ခွက်ဘုရား အောက်ခြေပလ္လင်မှာတော့
လှူဒါန်းသူအလှူရှင်က အလှူတော်အတွက်ကောင်းမှု
ကိုဖော်ပြခဲ့တယ်လို့ ယူဆရပါတယ်။ ခေတ်အက္ခရာ
လှယ်ပြီးနောက် ယခုလိုတွေ့ရှိရပါတယ်။

ယံ          - ယင်း
ဗံး          - မြတ်သော
ဂေါ        - ဂေါတမ
ဗူဒ        - ဗုဒ္ဓ
တြေး     - ကျေးကျွန်
ဝေ        - ဝေငှ (သို့) လူအမည်

*ထို မြတ်သောဂေါတမဗုဒ္ဓ မြတ်စွာဘုရားထံသို့
ဗုဒ္ဓ၏ကျေးကျွန်တစ်ဦးဖြစ်သူ (ဝေ .....)မှ လှူဒါန်းကြောင်း*

ရေးထိုးမှတ်တမ်းတင်ခဲ့တာဖြစ်တယ်လို့ ယူဆရပါတယ်။
အုတ်ခွက်စာပါ ပျူခေတ်စာအက္ခရာအရေးအသားရှိ
*ယံ ၊ ဗူဒ* အရေးအသားအသုံးအနှုန်းဟာ မြစေတီ (ခေါ်)
ဂူပြောက်ကြီးကျောက်စာမှာ တွေ့ရှိရတဲ့အသုံးအနှုန်း
ဖြစ်ပါတယ်။ *တြေး*(ကျေးကျွန်)ဆိုတဲ့အသုံးအနှုန်းကတော့
ပုဂံခေတ်ထိုး ရှေးဗမာ့ကျောက်စာတွေမှာ အသုံးများတာကို
တွေ့ရှိရပါတယ်။

(မိတ်ဆွေအများ လေ့လာရင်းဖြင့် အသိပညာတိုးတက်
ကြပါစေ)

By Thant Lwin Oo

Friday, February 19, 2016

ရန်ကုန်ဘူတာကြီးဝန်းအတွင်းက ပျူခေတ်ပုတီးစေ့


ဒါလဲ ရန်ကုန်ဘူတာကြီးဝန်းထဲက တွေ့တာပါပဲ။
ပျူပုတီးစေ့တွေနဲ့ ပုတီးစေ့လုပ်ရာမှာအသုံးပြုတဲ့
ကာနေးနီးယန်းကျောက်အရိုင်းတုံးလေးတွေပေါ့။
ပြီးတော့ စပါးခွံရာပါ အိုးခြမ်းကွဲတွေလဲ တွေ့ခဲ့
ရပါတယ်။
အောက်မြန်မာနိုင်ငံတ၀ှမ်းမှာ တွေ့နေရတဲ့
မြို့ဟောင်းရာတွေမှာ ဘယ်နေရာကြည့်ကြည့်
ပျူယဉ်ကျေးမှုနဲ့လွတ်တယ်လို့ သိပ်မရှိပါဘူး။
ဒါဟာ ဘာကိုညွှန်းဆိုသလဲဆိုရင် သထုံရာဇ၀င်
ပေါင်းချုပ်ကျမ်းထဲမှာပါတဲ့ သထုံမြို့တည် နန်းတည်
မင်းကြီး *တိဿဓမ္မသီဟရာဇာဒွတ္တဘောင် (ခေါ်)
စိဇ္ဇာနာဂသူရိယစန္ဒာ ဒွတ္တဘောင်မင်းကြီး* ရဲ့
သာသနာပြုနယ်မြေဖြစ်ကြောင်း၊ သရေခေတ္တရာ
ရာဇ၀င်ပါ ဒွတ္တဘောင်မင်းကြီးရဲ့ ပိုင်နက်နယ်မြေ
ဖြစ်ကြောင်း ညွှန်းဆိုပြသနေခြင်း ဖြစ်ပါတယ်။
အောက်မြန်မာနိုင်ငံတ၀ှမ်း တွေ့ရှိပြီးတဲ့ ပျူမြန်မာ
ယဉ်ကျေးမှုအထောက်အထားတွေကို ဆက်လက်
ဖော်ထုတ်တင်ပြသွားပါဦးမယ်။
မိတ်ဆွေအများ လေ့လာရင်းနဲ့ အသိပညာတိုးတက်
ကြပါစေ။

“တိဿ ဓမ္မသီဟရာဇာ ဒွတ္တပေါင်မင်းကြီး” (သို့မဟုတ်) “စိဇ္ဇာနာဂ သူရိယစန္ဒာဒွတ္တပေါင်မင်းကြီး” ၏ သာသနာပြုကောက်ကြောင်းများ အနှစ်ချုပ် (၂)




“တိဿ      ဓမ္မသီဟရာဇာ ဒွတ္တပေါင်မင်းကြီး” (သို့မဟုတ်) “စိဇ္ဇာနာဂ
သူရိယစန္ဒာဒွတ္တပေါင်မင်းကြီး” ၏ သာသနာပြုကောက်ကြောင်းများ
အနှစ်ချုပ် (၂)
..................................................................................
*မုတ္တမရာဇ၀င်ပေါင်းချုပ် ကျမ်းကြီးတွင် ပထမသထုံမြို့ကြီးသည်
အင်္ကုရမင်းလက်ထက်တွင် ပျက်ကြောင်း၊တွတ်တော် မင်းသား
ညီနောင် ကျန်ကြောင်း၊ ညီတော်မင်းသား ဥဒိန္ဒရာဇသံဝေသည်
ပထမ မုတ္တမမြို့ဟောင်းကိုတည်ထောင်ကြောင်း၊ ယင်း ဥဒိန္ဒ
ရာဇသံဝေ မင်းသားသည် ပထမဦးသထုံမင်းကြီး တိဿဓမ္မ
သီဟရာဇာဒွတ္တပေါင် ပျူမင်းကြီး၏ တွတ်တော် မင်းသားညီနောင်
အနက် အငယ်ဖြစ်ကြောင်း ဖော်ပြထားသည်။*
*တရုတ်နန်းတော်မှတ်တမ်း ထန်မှတ်တမ်းတွင်လည်း
မုတ္တမပျူမြို့ ဟု ဖော်ပြထားသည်။*
*ပထမသထုံမင်းကြီး ဒွတ္တပေါင်မျိုးရိုးမှ တွတ်တော် အင်္ကုရမင်း
လက်ထက် ပထမသထုံမြို့ကြီး မြေမြိုပျက်စီးကြောင်း၊ ဖအေတူ
မအေကွဲ တွတ်တော် မင်းသားညီနောင်အနက် နောင်တော် ဥပ
ဒေ၀ရာဇသံဝေ မင်းသားသည် မြို့ဟောင်းရာ၏ တောင်ဘက်တွင်
သုဓမ္မပူရမြို့ကို တည်ထောင်နန်းစံကြောင်း သထုံရာဇ၀င်ပေါင်းချုပ်
ကျမ်းကြီးတွင် ပြဆိုသည်။*
*ဥပဒေ၀မင်း ကံကုန်ပြီး ထိုမင်း၏ သားတော် ရာဇာစောနီသည်
နေရာရွှေ့ပြောင်း၍ ဘီးလင်းမြစ်ဝကျွန်းငယ် ၅ ခုကို ပေါင်း၍
တတိယမြို့ မရိဿဘူမိသုဓမ္မ၀တီ ဟု တည်သည်။ ၃ နှစ်တိုင်အောင်
မြို့မပြီး။ မင်း ကွယ်လွန်သည်။*
*ယင်း၏သားတော် ရာဇာစောဝေသည် ထိုနေရာကို စွန့်၍ ထိုမြို့မှ
အနောက်မြောက် ရွှေလောင်းအင်းအရပ်တွင် “ဟရိသဘူမိ
သုဓမ္မာဝတီမြို့” ဟု တည်ပြန်သည်။ သာသနာ ၂၀၈ ခုတွင်
ရာဇာစောဝေသည် ရောဂါထူပြောသော ယင်းရွှေအင်းမြို့
ရွှေလောင်းမြို့ကို စွန့်ခွါ၍ တိုက်ကုလားမြို့ဟောင်းနယ်အတွင်း
“သုဝဏ္ဏဘူမိရဌ သုဓမ္မာဝတီ” ဟု မြို့သစ်တည်ပြန်သည်။
တိုက်ကုလား ဟုလည်း ခေါ်ကြ၏။ ပထမ သထုံမင်းကြီးမှ
၁၈ ဆက်မြောက် ယုဂန္ဓာကုမာမင်း လက်ထက်တွင်
တိုက်ကုလားမြို့ကို ပင်လယ်ရေတိုက်စားကာ ပျက်သဖြင့်
မြို့ကိုစွန့်ကာ ဥပဒေ၀ရာဇသံဝေမင်းကြီး တည်ထောင်ခဲ့သော
သုဓမ္မာပူရ မြို့ဟောင်းရာသို့ ပြန်၍ ပြောင်းရွှေ့ပြီးမြို့သစ်တည်
စိုးစံသည်။ သာသနာနှစ် ၄၅၀ ပြည့်နှစ် ဟု ပြဆိုသည်။*
*မုတ္တမရာဇ၀င်ပေါင်းချုပ်ကျမ်းတွင် ပထမမြောက် ယေးမြို့ကို
တနင်္သာရီ ပျူဘုရင်မ တည်ထောင်ခဲ့ကြောင်း၊ ယင်း ယေးပျူမြို့
ပျက်သုန်းတိမ်ကောပြီး နှစ် ရာပေါင်းများစွာ ကြာသောအခါ
မွန်အမတ်ကြီးတစ်ဦးက ပထမယေးမြို့ဟောင်း နေရာတွင်
ယေးမြို့အသစ် တစ်ဖန်ပြန်လည် တည်ဆောက်ခဲ့ကြောင်း
မှတ်တမ်းတင်ပါရှိပါသည်။*
အထက်ပါ ရာဇ၀င်နှင့် ဘုရားသမိုင်းများ အဆိုအရ ပုဂံအနော်
ရထာမင်း မတိုင်ခင် ဘီစီ ၆ ရာစု၊ အေဒီ ၁၀ ရာစု အတွင်း
တောင်ပိုင်းကမ်းရိုးတန်းတွင် သထုံ တိဿဓမ္မသီဟရာဇာ
ဒွတ္တပေါင်မင်းဆက် (၀ါ) သထုံ ဒွတ္တပေါင်ပျူအုပ်စုမှ
တည်ထောင်ခဲ့သော သထုံ၊ ပါဒ၊ ပဲခူး၊ မုတ္တမ ရှေးပျူမြို့များ၊
တနင်္သာရီဘုရင်မ တည်သော ယေးပျူမြို့၊ မှော်ဇာပျူအုပ်စုဝင်
ပေါက္ခရ၀တီ(တွံတေး)ပျူမြို့ စသည်တို့ ရှိကြောင်းသိရပါသည်။
*ပျူရာဇ၀င် ၁၂ စောင်တွဲတွင် အေဒီ ၉ ရာစု ပျဉ်ပြားမင်း မတိုင်ခင်
ရှေးခေတ်မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသတွင် မွန်လူမျိုးတို့
မရောက်ရှိသေးကြောင်း၊ စတုတ္ထပုဂံမြို့တည် ပျဉ်ပြားမင်းလက်ထက်တွင်
တစ်ကြိမ်၊ အေဒီ ၁၁ ရာစု အနော်ရထာမင်း လက်ထက်တွင် တစ်ကြိမ်
မွန်တို့ အမြောက်အမြား ပြောင်းရွှေ့ဝင်ရောက်လာကြောင်း ဖော်ပြ
ထားသည်ဟု ဆရာ ဦးသက်တင် ကောက်နှုတ်ဖော်ပြခဲ့ပါသည်။*
*တရုတ်မှတ်တမ်းများအရ ဒွါရာဝတီနိုင်ငံမှ မွန်တို့သည် အရှေ့ဘက်မှ
ခမာစစ်ဆင်မှု၊ တောင်ဘက်မှ ဂျာဗားရေတပ်စစ်ဆင်မှုများနှင့် ကြုံတွေ့
ဒုက္ခရောက်ကြောင်း၊ အေဒီ ၁၁ ရာစု အနော်ရထာမင်းလက်ထက်
လင်ဖွန်းမြို့မှ မွန်တို့ မြို့လုံးကျွတ် ပုဂံနိုင်ငံသို့ ရွှေ့ပြောင်းခိုလှုံလာကြောင်း
ဦးနိုင်ပန်းလှ ဆိုခဲ့ပါသည်။*
*လက်တွေ့အားဖြင့်လည်း တောင်ပိုင်းကမ်းရိုးတန်းဒေသ ရှေးမြို့ဟောင်း
နေရာများတွင် ဘီစီ ၆ ရာစု မှ အေဒီ ၁၀ ရာစုကာလ ပျူစဥ့်စာ၊ ပျူအုတ်ခဲစာ၊
ပျူခေတ်စေတီ၊ ပျူခေတ်ဗုဒ္ဓရုပ်ပွားများ၊ ပျူခေတ် အုတ်ခွက်ဘုရားများ၊
ပျူဒင်္ဂါးများ၊ ပျူခေတ်မြို့ရိုးအချို့၊ ပျူကျောက်စာ၊ ပျူအရိုးအိုးများ အပါအ၀င်
အထက်တွင် တင်ပြခဲ့သော ပျူယဉ်ကျေးမှု ပစ္စည်းမျိုးစုံတို့ကို ခေတ်ပြိုင်
အထောက်အထားများအဖြစ် မြေပေါ်မြေအောက်တို့တွင် ထင်ရှားစွာ
တွေ့မြင်ရလျှက် ရှိပါသည်။*
*သို့သော် အနော်ရထာမင်း မတိုင်ခင် ဘီစီ ၆ ရာစု - အေဒီ ၁၀ ရာစု ကာလ
မွန်ယဉ်ကျေးမှု အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိသေးပါ။*
*မြန်မာနိုင်ငံရှေးဟောင်းသုတေသန ဦးစီးဌာနသည်လည်း သံလျင်၊ ပါဒ၊
ကျိုက္ကသာ၊ အယ(က်)သမ -၀င်းက(ဘီးလင်းနယ်)၊ သထုံနယ်များတွင်
တတ်အားသမျှ သုတေသန ပြုခဲ့ ပြုဆဲရှိပြီး အနော်ရထာမင်း အေဒီ ၁၁
ရာစုမတိုင်ခင် မွန်ယဉ်ကျေးမှုပစ္စည်း အထောက်အထား တွေ့ရှိသည်ဟု
မကြားသိရသေးပါ။*
*ကွမ်းဆိပ်ပျူကျောက်စာ အပါအ၀င် အနော်ရထာထက် စောသော
ပျူယဉ်ကျေးမှု အထောက်အထားတစ်ချို့ကို မြေပေါ်၊ မြေအောက်တွင်ပါ
အထင်အရှားတွေ့မြင်ခဲ့ကြပါသည်။ ကမ်းရိုးတန်းဒေသ မွန်ယဉ်ကျေးမှု
အထောက်အထား တွေ့ရသည်တို့မှာ အနော်ရထာမင်းခေတ်မှ
နောက်ပိုင်းကာလ၀င် ပစ္စည်းများသာ ဖြစ်ပါသည်။*
*ဆရာ မိုက်ကယ်အောင်သွင် (ပါမောက္ခ ၊ သမိုင်း ၊ ဟာဝိုင်ယီတက္ကသိုလ်)က
မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသရှိ မြို့ရွာတို့၏ မွန်အမည်များမှာ
ခေတ်လယ်မွန် (အင်းဝခေတ်၊ ညောင်ရမ်းခေတ်) အေဒီ ၁၅ရာစု ၁၇ ရာစု
မွန်ဘာသာစကား အမည်များသာဖြစ်ပြီး ခေတ်ဟောင်းမွန်အမည်
(အေဒီ ၇ရာစု- ၁၄ ရာစု)အမည်များ မဟုတ်သော အချက်အရ
တောင်ပိုင်းကမ်းရိုးတန်း မွန်အမည်မြို့ရွာတို့သည် အင်းဝခေတ်ပြိုင်
ရာဇာဓိရာဇ်မင်း ခေတ်အခါ ၀န်းကျင်မှ ပေါ်ပေါက်သော မွန်မြို့ ရွာများ
ဖြစ်ကြောင်း၊ အနော်ရထာမင်း မတိုင်ခင်အောက်မြန်မာနိုင်ငံ ကမ်းရိုးတန်း
ဒေသတွင် (မွန်လူမျိုးမရှိဟု မဆိုလို)၊ မွန်နိုင်ငံ၊ မွန်ဧကရာဇ်မင်း၊ မွန်ယဉ်
ကျေးမှုခေတ်တို့ မပေါ်ပေါက်သေးကြောင်း၊ ယင်းသို့ ပေါ်ပေါက်သည်ဟု
ခေတ်ပြိုင်အထောက်အထားတစ်ခုမှ မတွေ့ရကြောင်း သူ၏ သုတေသန
စာတမ်းတွင် ဖော်ပြထားပါသည်။*
နိဂုံးချုပ်အားဖြင့် ဆိုရသော် အထက်တွင် တင်ပြခဲ့သည့် ဘုရားသမိုင်းများ၊
တောင်ပိုင်းကမ်းရိုးတန်းဒေသမြို့ဟောင်းရာဇ၀င်များသည် အနော်ရထာမင်း
မတိုင်ခင် တောင်ပိုင်းကမ်းရိုးတန်းဒေသ သထုံ၊ ပါဒ၊ တွံတေးဒွတ္တပေါင်မင်းများ၊
သထုံတိဿဓမ္မသီဟရာဇာ ဒွတ္တပေါင်မင်းဆက်မှ တည်ထောင်သော ကမ်းရိုးတန်း
သထုံပျူအုပ်စုဝင် မြို့များ၊ တနင်္သာရီဘုရင်မ တည်ထောင်ခဲ့သော ယေးပျူမြို့တို့ကို
အထင်အရှား ဖော်ပြသည်မှာ အိန္ဒိယအထောက်အထား၊ တရုတ်အထောက်အထား
များက ဖော်ပြထားသော ပင်လယ်အထိ ကျယ်ဝန်းသည့် ပျူနိုင်ငံ ခေါ် ဗရမ္မာနိုင်ငံ
ခေါ် ပျူမြန်မာနိုင်ငံနှင့် ကိုက်ညီ အကြုံးဝင်နေပါသည်။
ထို့နည်းတူစွာ သထုံဒွတ္တပေါင်မင်းဆက်က တည်ခဲ့သည်ဟု သထုံရာဇ၀င်၊
ပါဒရာဇ၀င်တို့တွင် ဖော်ပြထားသော ဒလတိုင်း၊ ပါဒမြို့၊ ပဲခူးမြို့၊ ဘုရားကြီးတိုင်း၊
တိုက်ကုလားမြို့၊ ဘီလူးကျွန်းတို့ကို သရေခေတ္တရာ အတိတျာမင်းကျောက်အိုးစာတွင်
ဥရုဟိတိုင်းလှည်းကူး၊ က၀တိုင်း၊ တကွာပါတိုင်း တို့နှင့်အတူတကွ ဒလတိုင်း၊ ပါဒတိုင်း၊
ပဂေါတိုင်း(ပဲခူးတိုင်း)၊ ဘုရားကြီးတိုင်း၊ တက္ကလတိုင်း (တိုက်ကုလားတိုင်း)၊
ဘီလူးကျွန်းတိုင်း ဟူ၍ သရေခေတ္တရာနိုင်ငံပိုင် ပျူမြို့ပြတိုင်းများ ဖြစ်ကြာင်း
လေ့လာတွေ့မြင်ရပါသည်။
.............................................................................................
ကျမ်းကိုး (ဘုန်းတင့်ကျော်၊ ဦး၊ ၂၀၁၄၊ မတ်၊ ၃၊ တောင်ပိုင်းကမ်းရိုးတန်း
ဒေသ ပျူစဥ့်စာများ၊ ရန်ကုန်တက္ကသိုလ်၊ ၀ိဇ္ဖာခန်းမ)

တိဿ ဓမ္မသီဟရာဇာ ဒွတ္တပေါင်မင်းကြီး” (သို့မဟုတ်) “စိဇ္ဇာနာဂ သူရိယစန္ဒာဒွတ္တပေါင်မင်းကြီး” ၏ သာသနာပြုကောက်ကြောင်းများ အနှစ်ချုပ် (၁)


တိဿ      ဓမ္မသီဟရာဇာ ဒွတ္တပေါင်မင်းကြီး” (သို့မဟုတ်) “စိဇ္ဇာနာဂ
သူရိယစန္ဒာဒွတ္တပေါင်မင်းကြီး” ၏ သာသနာပြုကောက်ကြောင်းများ
အနှစ်ချုပ် (၁)
.........................................................................................
*ပျူရာဇ၀င် ၁၂ စောင်တွဲတွင် တောင်ပိုင်းကမ်းရိုးတန်းဒေသများ၌
တိန်မယ်ပျူအုပ်စု (မြို့တော် ပဲခူး)၊ ကလောက်ကေးပျူအုပ်စု
(မြို့တော် သထုံ)၊ တနင်္သာရီပျူအုပ်စု (မြို့တော် ထားဝယ်) များ
ပါရှိကြောင်းဖော်ပြထားပါသည်။* *ယင်းဖော်ပြချက်ကို ၁၉၉၃ ခုနှစ်၊ သရေခေတ္တရာမြို့ဟောင်းတွေ့
အတိတျာကျောက်အိုး ဟု အမည်ပေးထားသော သရေခေတ္တရာမင်းကြီး တစ်ပါး၏ ကျောက်အိုးစာပါ ပျူတိုင်းများနှင့် နှိုင်းယှဉ် လေ့လာ ကြည့်သင့်ပါသည်။*
*အတိတျာကျောက်အိုးစာ (အေဒီ ၁ ရာစု - ၂ ရာစု)တွင် ပါဒတိုင်း၊
ဎလတိုင်း (ဒလတိုင်း)၊ ဥရုဟိတိုင်း၊ လှည်းကူးပဂေါတိုင်း (ပဲခူးတိုင်း)၊
ဟြတိုင်း = ဘုရားကြီးတိုင်း၊ တက္လခ္ဃတိုင်း၊ ယက္ဂတိုင်း (ဘီလူးကျွန်း)၊
တက္ဗောတိုင်း ဟူ၍ သရေခေတ္တရာတောင်ပိုင်း ကမ်းရိုးတန်းဒေသရှိ
ပျူတိုင်းများကို ဖော်ပြထားပါသည်။ ဟြတိုင်း=ဘုရားတိုင်းသည်
ပဲခူး-ဘုရားကြီးနယ်၊ တက္ကလချတိုင်းသည် တိုက်ကုလားသထုံတိုင်း၊
ယက္ဂတိုင်း=ယက္ခတိုင်းသည် ဘီလူးကျွန်းနယ်၊ တက္ဗောတိုင်းသည်
မလေးကျွန်းဆွယ် တကွာပမြို့နယ် များဟုယူဆရပါသည်။*
*ယင်း သရေခေတ္တရာ ပျူမင်းကြီးကျောက်အိုးစာအရ တောင်ပိုင်း
ကမ်းရိုးတန်းဒေသများတွင် ပျူတိုင်း ပျူမြို့များ ထွန်းကားနေကြောင်း။
ပါဒမြို့၊ ဒလမြို့၊ လှည်းကူးမြို့၊ ပဲခူးမြို့၊ ဘုရားကြီးရွာ၊ တိုက်ကုလားမြို့၊
ဘီလူးကျွန်းနှင့် တကွာပမြို့များသည် ပျူမြို့များဖြစ်ကြောင်း
ပေါ်ပေါက်နေပါသည်။*
*ရှေးအိန္ဒိယသားတို့သည် သရေခေတ္တရာနိုင်ငံနှင့် လူမျိုးကို ဗရမ္မာနိုင်ငံ
ဗရမ္မာလူမျိုးဟု သိရှိခေါ်ဝေါ်ကြောင်း ကိုလိုနီခေတ် ကျောက်စာဝန်ဆရာကြီး
တော်စိန်ခို ဖော်ထုတ်ခဲ့ပါသည်။*
*ရှေးအိန္ဒိယသားတို့သည် မြန်မာနိုင်ငံကို ရှေးခေတ်ကတည်းက အစဉ်အလာ
အားဖြင့် ဗရမ္မာဒေ့ရှ် (ဗရမ္မာနိုင်ငံ)ဟု သိရှိခေါ်ဝေါ်လာခဲ့ကြောင်း ရန်ကုန်တက္ကသိုလ်
၁၉၄၆ သမိုင်းပါမောက္ခဆရာကြီးဒဗလျူအက်(စ်)ဒေဆိုင်း ဖော်ပြခဲ့ပါသည်။*
*ဘီစီ ၂ ရာစုနှင့် အေဒီ ၃ ရာစုကာလ ရှေးတရုတ်တို့ ပျူနိုင်ငံကို ခေါ်ဆိုခဲ့သော
အမည်များမှာ ပျူနှင့် ဗရမ္မာ(ဗမာ)ဖြစ်ကြောင်း၊ အေဒီ ၆ ရာစု လျန်မင်းဆက်ခေတ်တွင်
ဗရမ္မာဟု ခေါ်ဆိုကြောင်း၊ အေဒီ ၆ ရာစု စွေ့မင်းဆက်ခေတ်တွင် ကျူးပေါဟု
ခေါ်ကြောင်း၊ အေဒီ ၇ ရာစု - ၁၀ ရာစု ထန်မင်းဆက် ခေတ်တွင် ပျူဟုခေါ်ကြောင်း၊
အေဒီ ၁၁ ရာစု - ၁၃ ရာစု ဆုန့်မင်းဆက်ခေတ်နှင့် အေဒီ ၁၃ ရာစု-၁၄ ရာစု
ယွန်းရှိမင်းဆက်ခေတ်တို့တွင် ပျူဟုလည်းကောင်း၊ မြန်မာဟုလည်းကောင်း
သိရှိမှတ်တမ်းတင် ခေါ်ဆိုခဲ့ကြောင်း ဆရာဦးရည်စိန် ဖော်ထုတ်တင်ပြခဲ့ပါသည်။*
*ထို့အပြင် ဘီစီ ၂ ရာစု ပုဂံမြို့၊ အေဒီ ၃ ရာစု ပုဂံနိုင်ငံ၊ ပုဂံမြို့၊ အေဒီ ၆ ရာစု
ဗရမ္မာနိုင်ငံနှင့် ပုကမ်မြို့၊ အေဒီ ၁၀ ရာစု - ၁၃ ရာစု ပုဂံနိုင်ငံ၊ အေဒီ ၁၃ ရာစု -
၁၄ ရာစု ပုဂံနိုင်ငံ-ပျူနိုင်ငံ-မြန်မာနိုင်ငံ ဟု သိရှိခေါ်ဆိုကြောင်းကို ဆရာဦးရည်စိန်
ဖော်ထုတ်ချက်များအရ သိရှိရပါသည်။*
*ရှေးအိန္ဒိယသားတို့က ဗရမ္မာဟု ခေါ်ဆိုသော သရေခေတ္တရာ လူမျိုးနှင့် နိုင်ငံကို
ရှေးတရုတ်တို့က ဗရမ္မာဟုလည်းကောင်း၊ ပျူဟုလည်းကောင်း၊
မြန်မာဟုလည်းကောင်း သိရှိမှတ်တမ်းတင် ခေါ်ဆိုခဲ့ပါသည်။ ထို့အပြင် အေဒီ ၁၅ ရာစု
တရုတ်မင်မင်းဆက်ခေတ်တွင် မြန်မာ ဟု ခေါ်ဆိုသော လူမျိုးကို အေဒီ ၆ ရာစု
စွေခေတ်တွင် ကျူးပေါ၊ အေဒီ ၇ - ၁၀ ရာစု ထန်ခေတ်တွင် ပျူ၊ အေဒီ ၁၁ - ၁၃ ရာစု
ဆုန့်ခေတ် တွင် မြန်မာ ဟု တရုတ်တို့ သိရှိခေါ်ဆိုခဲ့သော သူများဖြစ်ကြောင်းကို
မင်မင်းဆက်ခေတ် တရုတ်ပညာရှိ ပေါင်းကျိယ်ကျိယ် ၏ မြန်မာနိုင်ငံသမိုင်းအကျဉ်း
စာတမ်းတွင် ဖော်ပြပါရှိကြောင်း ဆရာဦးရည်စိန် ဖော်ထုတ်တင်ပြခဲ့ပါသည်။*
*ပျူနိုင်ငံသည် မြောက်ဘက်တွင် ယူနန်၊ အရှေ့ဘက်တွင် ကျဲလာ့ (ခမာ
ကမ္ဗောဒီးယား)၊ တောင်ဘက်တွင် ပင်လယ်၊ အနောက်ဘက်တွင် အိန္ဒိယ
အရှေ့ဖျားနှင့် နယ်ချင်းထိစပ်ကြောင်း၊ ၎င်းမှာ ပျူနိုင်ငံ၏ နယ်နိမိတ်ဖြစ်ကြောင်း
ထန်မင်းဆက် အုပ်ချုပ်ပုံမှတ်တမ်း၊ ထန်မှတ်တမ်းသစ်များတွင် သိရှိ မှတ်တမ်း
တင်ထားကြောင်း ဆရာ ဦးရည်စိန် ပြန်ဆိုဖော်ပြခဲ့သည်။*
*အထက်ပါ ခေတ်ပြိုင် အိန္ဒိယ၊ တရုတ်၊ သရေခေတ္တရာ အထောက်အထားများကို
ပေါင်းစုကြည့်လျှင် ဘီစီ ၂ ရာစု မှ အေဒီ ၁၀ ရာစုကာလ ပျူနိုင်ငံ ခေါ် ပျူဗရမ္မာနိုင်ငံ
ခေါ် ပျူမြန်မာနိုင်ငံသည် တောင်ဘက်တွင် ပင်လယ်နှင့် နယ်နိမိတ်ဖြစ်ကြောင်း၊
ပျူမြန်မာနိုင်ငံသည် ပင်လယ်အထိ ကျယ်ဝန်းကြောင်း၊ ပျူမြန်မာနိုင်ငံနှင့် ပင်လယ်ကြားတွင်
ရာမညမွန်နိုင်ငံ မပေါ်ပေါက်သေးကြောင်း၊ မလေး ကျွန်းဆွယ်တကွာပမြို့ (စဲလန့်ဂူအနီး)
အထိသည် ပျူမြန်မာနိုင်ငံတော်ကြီး ဖြစ်ကြောင်း ထင်ရှားပေါ်ပေါက်နေပါသည်။*
*သုဓမ္မာဝတီသထုံ ဒွတ္တပေါင်မင်းကြီးနှင့် မြို့ - ၁၉၂၆ ခုနှစ် ပုံနှိပ်သော
ဦးပညာ၏ သထုံရာဇ၀င်ပေါင်းချုပ်ကျမ်းကြီးတွင် ပထမသုဓမ္မ၀တီ
မြို့တည်နန်းတည် မင်းကြီး၏ အမည်မှာ “တိဿဓမ္မသီဟရာဇာ
ဒွတ္တပေါင်မင်းကြီး” ခေါ် “စိဇ္ဇာနာဂ သူရိယစန္ဒာဒွတ္တပေါင်မင်းကြီး”
ဖြစ်ကြောင်း ရှေးသထုံရာဇ၀င်များ၊ မွန်ရာဇ၀င်များနှင့် ကလျာဏီသိမ်
ကျောက်စာ စုစုပေါင်း ၉ ခုကို ကျမ်းကိုးပြု ရေးသားဖော်ပြထားသည်။*
*မွန်ဆရာဦးစံဝင်း၏ ပေါင်မြို့နယ်၊ မုကျိရွာ ကျောက်နံရံစာ ဆောင်းပါးတွင်
အထက်ပါ ဦးပညာ ရေးသည့်သထုံရာဇ၀င်ပေါင်းချုပ် ကျမ်းကြီးကို
ကျမ်းညွှန်းပြုထားသည်။*
*၁၉၇၅ ခုနှစ် ပုံနှိပ်သော အငြိမ်းစားကျောင်းအုပ်ကြီး ဥိးအောင်သိန်း၏
“သာသနာအစ သထုံက” ဟု အမည်ပေးကျမ်းတွင်လည်း ပထမသုဓမ္မာ
ဝတီမြို့တည်နန်းတည် မင်းကြီး၏ အမည်မှာ “သူရိယစန္ဒာမဟာဒွတ္တပေါင်
မင်းကြီး” မည်ကြောင်း အတိအလင်းဖော်ပြထားသည်။*
*ပထမသထုံ တိဿဓမ္မသီဟရာဇာ (ဒွတ္တပေါင်)မင်းကြီး၏ သားတော်
၃ ပါးနှင့် သမီးတော် ၁ ပါး တို့သည် သထုံမှ ထွက်ခွါကာ ပါဒကျွန်းတွင်
မြို့နန်းအသစ်တည်ထောင်ကြောင်း ဦးထွန်းရီ၏ မွန်ဘာသာမှ မြန်မာ
ဘာသာပြန် ပါဒနိုင်ငံတော် ရာဇ၀င်သမိုင်းစာအုပ်တွင် ဖော်ပြသည်။*
*ပါဒမင်းဆက်တွင် မြစောနောင်မင်း၊ ရာဇစောနောင်မင်း၊ သုခမုခနန်းစောရှင်၊
နရကျော်မင်း၊ ဒွတ္တဘာဂဒွတ္တဘောင်မင်း၊ စောရဟံမင်း၊ ဇေယျကျော်ထင်မင်း၊
ဘိုးမင်းစောနောင်မင်း၊ နေသူရမင်း၊ စောဖျားကျော်မင်း၊ စောဘုန်းကြွယ်မင်း
ဟူသော ပျူမြန်မာအမည်ရှိ မင်းများအုပ်ချုပ်ကြောင်း ဖော်ပြထားရာ သထုံပထမဦး
မင်း ဒွတ္တပေါင်၏ မျိုးဆက် ပါဒဒွတ္တပေါင် ပျူမင်းဆက်ဖြစ်ကြောင်း တွေ့မြင်ရပါသည်။*
*ပါဒမင်းဆက် ၂၀ မြောက်တွင်မှ ကော့ဒွတ်မင်းဟု မွန်အမည်ရှိ မွန်မင်းကို
တွေ့မြင်ရပါသည်။*
*ဒွတ္တပေါင်မင်းကြီး စားသုံးသောကြောင့် ဒွတ္တပတ်သီး ဟု နာမည်
ကျော်ကြားသော ဒွတ္တပတ်ပင် အနည်းငယ်သည် ပေါက္ခရ၀တီ
နန်းတော်ကုန်း အရှေ့အရပ်တွင် အတွင်းကျုံးငယ်ခြားလျှက်
(ယခုခေတ်) ဦးယောကြီးဥယျာဉ်ခြံနှင့် အခြားခြံတစ်ခြံတွင် ရှိပါသည်။*
*ပေါက္ခရ၀တီ တွံတေးသည် မှော်ဇာပျူအုပ်စုမှ ပျူမင်းသားစု
တွံတေးမျိုးဆက်များ အုပ်ချုပ်စိုးစံသည်ဟု တွံတေးဆံတော်ရှင်
ဘုရားသမိုင်းတစ်စောင်တွင် ဖော်ပြပါရှိပါသည်။*
*ပဲခူးရာဇ၀င်နှင့် ပဲခူးဘုရားသမိုင်းအချို့တွင် သထုံမြို့၊ သထုံမင်းကြီး
(ဒွတ္တပေါင်)၏ သားတော် ၂ ပါး မြို့သစ်အဖြစ် ပဲခူးကို တည်သည်ဟု
ဖော်ပြထားသည်။*
*ပဲခူးမြို့တည် မင်းသားတို့သည် သထုံ ဒွတ္တပေါင်မင်းဆက်မှဖြစ်ကြောင်း
ပဲခူးရာဇ၀င်၊ ဦးရွှေနော်၏ ရွှေမော်ဓောဘုရားသမိုင်းတို့တွင် ဖော်ပြထားသည်။*
*ပျူရာဇ၀င် ၁၂ စောင်တွဲအရ တိန်မယ်ပျူအုပ်စု မြို့တော်ပဲခူး ဖြစ်သည်။
ဦးသက်တင်၏ ပဲခူးနယ် ဘုရားစေတီ ၅၈ ဆူ သမိုင်းစာအုပ်တွင် တိန်မယ်
ပျူစေတီ (၇) ဆူ ဖော်ပြပါရှိသည်။*
*အနော်ရထာခေတ်ပြိုင်မှာ တိန်မယ်ပဲခူးပျူမင်း ဗောင်းတော်ရှည် ဟု
ဖော်ပြသည်။ အနော်ရထာမင်းသို့ ဆက်သသော ယင်းပဲခူးမင်း၏
သမီးတော် အမည်သည် မြန်မာပါဠိအမည် “မဏိစန္ဒာခင်ဦး” ဟု
ရာဇ၀င်တို့၌ ပြဆိုသည်။* (မဏိစန္ဒာခင်ဦးသည် မွန်အမည်မဟုတ်ပါ)
....................................................................................
ဆက်လက်ဖော်ပြသွားပါမည်။

Wednesday, November 18, 2015

ပျူ​ခေတ်​ ဗုဒ္ဓရုပ်​ပွား​တော်​ တူး​ဖော်​​တွေ့ရှိ






ရှေး/သု ဒုညွှန်ကြားရေးမှူးဦးသိန်းလွင် တင်ပြခဲ့တဲ့
ဗိဿနီုးမြို့ဟောင်းတူးဖော်ရေးကုန်း အမှတ် ၁၃ မှာ
တွေ့ရှိခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်ဖြစ်ပါတယ်။
ပညာရှင်အများလေ့လာနိုင်ရန် ရှေး/သုကတင်ပြ
ခဲ့ပြီးတော့ နောက်တွေ့ပျူယဉ်ကျေးမှုပစ္စည်းများလို့
ခေါင်းစဉ်တပ်ထားပါတယ်။
၂၀၁၃ ခုနှစ်၊ ဇွန်လ၊ ၁၁ ရက်နေ့မှာ ကြေးခေါင်းလောင်း
တစ်လုံး၊ ကြေးဆီမီးခွက် လေးခုနဲ့အတူ ကုန်းအမှတ် ၁၃၊
မြေအနက် ၂ပေ၊ ၂ လက်မကနေ တူးဖော်တွေ့ရှိခဲ့ခြင်း
ဖြစ်ပြီးတော့ ဗိဿနိုးမြို့ဟောင်းအတွင်းက ပထမဦးဆုံး
တွေ့ရှိရတဲ့ ဗုဒ္ဓဆင်းတုတော်ဖြစ်ပါတယ်။
ကြေးဆင်းတုရဲ့ ထိုင်တော်မူဟန်ဟာ ပရလမ္ဘနသနဟန်
ဖြစ်ပြီးတော့ ၀ိတက္ကမုဒြာဟန်ဖြစ်ပါတယ်။ ပျူခေတ်ဗုဒ္ဓရုပ်
ပွားတော်တွေထဲက ထင်ရှားတဲ့မုဒြာဟန်ဖြစ်ပါတယ်။
ဗိဿနိုးမြို့ဟောင်းမှာ ယခင်ကတည်းက ဆယ်ခန်းတွဲ
ဘုန်းကြီးကျောင်းရာ၊ သံဃာ့သီရိတံဆိပ်တုံး၊ စေတီ၊
ရေကန် စတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာအထောက်အထားများ
အများကြီးတွေ့ရှိခဲ့ပြီးဖြစ်သလို ဆက်လက်တူးဖော်တွေ့
ရှိဆဲလဲဖြစ်ပါတယ်။
တစ်ချို့တွေက စာအဟောင်းတွေကိုင်ဆွဲပြီးတော့ ဗိဿနီုး
မြို့ဟောင်းကြီးကို ဟိန္ဒူမြို့ဟောင်းဖြစ်သယောင် ပြောဆို
နေကြဆဲတွေ့နေရလို့ပါ။ သုတေသနမစုံခင်က မှန်းဆ
ပြောဆိုကြတာထက် လက်တွေ့သုတေသနအထောက်
အထားတွေက ဘာတွေညွှန်းဆိုပြသနေလဲဆိုတာကို
လေ့လာပြီးမှ ကောက်ချက်ချတာပိုသင့်တော်မယ်
ထင်ပါတယ်။
မိတ်ဆွေအများ လေ့လာရင်းနဲ့ အသိပညာတိုးတက်
ကြပါစေ။

Sunday, November 1, 2015

ခေတ်ပြိုင်အထောက်အထားတို့က ပြောသော မြန်မာ့သမိုင်း (၁)




ခေတ်ပြိုင်အထောက်အထားတို့က ပြောသော မြန်မာ့သမိုင်း (၁)
====================================
စာတမ်းဖတ်ပွဲတစ်ချို့မှာရော၊ ပုဂ္ဂိုလ်တစ်ဦးချင်း တွေ့ဆုံချိန်မှာရော
ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီးဦးအေးမြင့်ကြူ ပြောနေကျစကားလေး
တွေကို ပြန်သတိရမိပါတယ်။ ဒါကြောင့် ၀န်ကြီးပြောတဲ့စကားလေးနဲ့ပဲ
ဒီဆောင်းပါးကို ကျွန်တော်အစပျိုးလိုက်တယ်။
“ဆရာတို့ရယ် ကျွန်တော်က သမိုင်းအကြောင်းသိပ်မသိပါဘူး။ ဒီဌာနကို
ရောက်တော့ ကျွန်တော်မသိတာတွေအများကြီးမို့ အတော်လေးကို
လေ့လာရပါတယ်။ ဒီလိုလေ့လာကြည့်တဲ့အခါ မြန်မာ့သမိုင်းတင်ခေတ်လို့
သတ်မှတ်ထားကြတဲ့ အေဒီ ၁၁ ရာစု(အနော်ရထာခေတ်) ကနေစပြီးတော့
အကြောင်းအရာအချက်အလက်တွေ၊ မှတ်တမ်းတင်ထားတာတွေ တွေ့ရ
ပါတယ်။ ဒါပေမယ့် အေဒီ ၁၁ ရာစုမတိုင်ခင် အကြောင်းအရာတွေက
မှတ်တမ်းတင်ချက်အားအလွန်နည်းတော့ ကျွန်တော်တို့မြန်မာ့သမိုင်းဟာ
အေဒီ ၁၁ ရာစုမတိုင်ခင်မှာ အမှောင်ခေတ်ကြီးရောက်သလို ဖြစ်နေတယ်လို့
ခံစားမိတယ်။ ဒီမတိုင်ခင် အကြောင်းအရာတွေကို ရှာဖွေဖော်ထုတ်ပြီးတော့
မြန်မာ့သမိုင်းကို ပြည့်ပြည့်စုံစုံဖြစ်အောင် အားထုတ်ပေးကြဖို့ ဆရာတို့ကိုပဲ
အားကိုးရမှာပါ”
အဲ့ဒီလို မသိတာကို မသိဘူးလို့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနဲ့
ဝန်ခံရဲတဲ့ ၀န်ကြီးဦးအေးမြင့်ကြူကို လေးစားမိပါတယ်။ တစ်ဆက်တည်းမှာပဲ
သူ့အပြော၊ သူ့အတွေး၊ သူ့မေးခွန်းတွေကို လေ့လာဆန်းစစ်ကြည့်မိတယ်။
ဝန်ကြီးပြောသလိုပဲ လူအတော်များများက ဒီလိုထင်မြင်သုံးသပ်နေကြတာ
ကိုလဲ တွေ့နေရတယ်။
ကျွန်တော်တို့မြန်မာ့သမိုင်းဟာေ၀၀ါးခဲ့ပါသလား? ဆိုရင် ..........
မေ၀၀ါးခဲ့ပါဘူး။ ကမ္ဘာဦး လူသားနေထိုင်မှု အထောက်အထားတွေ၊
ကျောက်ခေတ်ဦး၊ ကျောက်ခေတ်လယ်၊ ကျောက်ချောခေတ်၊
ကြေးခေတ်၊ သံခေတ်၊ မြို့ပြခေတ် ဆိုတဲ့ ခေတ်အဆက်ဆက်
လူသားနေထိုင်မှုသမိုင်းအထောက်အထားတွေ မြောက်များစွာ
ရှိနေပါတယ်။ တူးဖော်သုတေသနပြုပြီးခဲ့တာတွေ ရှိသလို
တူးဖော်နေဆဲနေရာတွေ၊ တူးဖော်ရမယ့်နေရာတွေလဲ မြောက်များစွာ
ကျန်ရှိနေဆဲဖြစ်ပါတယ်။
တူးဖော်လေ့လာပြီးတဲ့နောက်မှာ တွေ့ရှိရတဲ့အထောက်အထားအပေါ်
သစ္စာရှိဖို့၊ အထောက်အထားက ပြောတဲ့အတိုင်း မှန်ကန်စွာကောက်ချက်
ချနိုင်ဖို့၊ သမိုင်းကြောင်းရေးသားမှတ်တမ်းတင်ရာမှာ ချစ်ခြင်း/မုန်းခြင်း
ကင်းကင်းနဲ့ မိမိအတ္တကိုရှေ့တန်းမတင်ဘဲ မှန်တာကိုပြောဖို့/ရေးဖို့၊
မိမိတို့လေ့လာကောက်ချက်ချမှုများဟာ အထောက်အထားပေါ်မှာသာ
အမှီပြုအားထားဖို့ လိုနေတာဖြစ်ပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် ယဉ်ကျေးမှုဝန်ကြီးဌာနတွင်းမှာ
ဒီလိုရေးတတ်-ပြောတတ်တဲ့ ပုဂ္ဂိုလ်မျိုး ရှိသလားဆိုရင် မရှိသလောက်
နည်းလို့ မြန်မာ့သမိုင်းေ၀၀ါးသယောင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ မြန်မာ့
သမိုင်းေ၀၀ါးအောင် သူတို့လုပ်နေကြတယ်။ မြန်မာ့သမိုင်းကို နှစ်ထောင်
ပေါင်းများစွာ ပိုင်းဖြတ်ပြီးတော့ အထောက်အထားပေါ်သစ္စာမရှိဘဲ
အထာက်အထားမဲ့ လိုရာဆွဲတွေးပြီး လိုသလိုရေးနေကြတယ်။
သမိုင်းပညာကို မသိသောသူများ၊ နှံစပ်အောင်လေ့လာခြင်းမရှိသူများ၊
လေ့လာဖို့ ပျင်းသူများ အစရှိတဲ့ ထိုထိုသောပုဂ္ဂိုလ်များရေးသော
မြန်မာ့သမိုင်းသည် မည်သို့ တိကျသေချာနိုင်ပါသနည်း။ေ၀၀ါးမြဲ
ေ၀၀ါနေဦးမှာ ဖြစ်ပါတယ်။
ထိုသူတို့ပြောဆိုသလို မြန်မာ့သမိုင်းတင်ခေတ်သည် အေဒီ ၁၁ရာစုမှ
စတင်ပါသလား (သို့မဟုတ်) ခေတ်ကာလအလိုက် မှတ်တမ်းတင်ချက်များ
ရှိနေပါသလား (သို့မဟုတ်) သမိုင်းမှတ်တမ်းတင်ရန် မြေပေါ်မြေအောက်
ခေတ်ပြိုင်အထောက်အထားများ ရှိနေပါသလား? မေးခွန်းတွေကို ဖြေဆိုဖို့
လိုအပ်လာပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ ကျောက်ခေတ်ကာလ
====================
လွန်ခဲ့သောနှစ်ပေါင်းများစွာက ကမ္ဘာ့မြောက်ဘက်ခြမ်းတွင်
ရေခဲခေတ် (Glacial Period) ဖြစ်ထွန်းနေစဉ် ကမ္ဘာ့တောင်ဘက်
ပိုင်း၌ မိုးသန်းထန်စွာ ရွာသွန်းနေခဲ့သည်ဟု ပညာရှင်များက လေ့
လာဖော်ထုတ်ခဲ့ကြသည်။
ပထမမိုးစွေကာလသည် နှစ်ပေါင်း ၆၅၀၀၀၀ နှင့် ၆၀၀၀၀၀ ကြား
ဖြစ်ပေါ်ခဲ့ပြီး ပထမ မိုးစဲကာလ ရောက်ရှိခဲ့သည်။ ထို့နောက် မိုးသည်း
ထန်စွာရွာသွန်းခဲ့ပြီး ဒုတိယမိုးစွေကာလမှာ လွန်ခဲ့သောနှစ်ပေါင်း
၅၅၀၀၀၀ မှ ၃၃၀၀၀၀ ကြားဖြစ်ခဲ့ပြီး ဒုတိယမိုးစဲကာလမှာ နှစ်ပေါင်း
၃၃၀၀၀၀ မှ ၂၅၀၀၀၀ ကြားပေါ်ပေါက်ခဲ့သည်။
တတိယမိုးစွေကာလမှာ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀၀၀ မှ ၁၂၅၀၀၀
ကြားဖြစ်ခဲ့ပြီး တတိယမိုးစဲကာလမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၂၅၀၀၀ မှ
၇၅၀၀၀ အကြားဖြစ်ပေါ်ခဲ့သည်။
စတုတ္ထမိုးစွေကာလသည် လွန်ခဲ့သောနှစ်ပေါင်း ၇၅၀၀၀ မှ ၁၀၀၀၀ ကြား
ဖြစ်ပေါ်ခဲ့သည်ဟု ဆိုကြသည်။
မြန်မာနိုင်ငံတွင် လေ့လာတွေ့ရှိရသော ရှေးဦးအညာသားယဉ်ကျေးမှုသည်
ဒုတိယမိုးစွေကာလမှ တတိယ မိုးစဲကာလအကြား လွန်ခဲ့သောနှစ်ပေါင်း
၅၅၀၀၀၀ ခန့်မှ ၁၂၅၀၀၀ အကြား ဖြစ်ပေါ်ထွန်းကားခဲ့ပြီး ခေတ်နှောင်း
အညာသားယဉ်ကျေးမှုမှာ တတိယမိုးစဲကာလနှင့် စတုတ္ထမိုးစွေကာလအကြား
လွန်ခဲ့သောနှစ်ပေါင်း ၇၅၀၀၀ နှင့် ၁၀၀၀၀ အတွင်း ဖြစ်ထွန်းပေါ်ပေါက်ခဲ့
ကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။
ဧရာဝတီမြစ်ဝှမ်း ကျောက်ခေတ်ဦးအညာသား ယဉ်ကျေးမှုဖြစ်စဉ်ကို
လွန်ခဲ့သောနှစ်ပေါင်း (၇၅၀၀၀၀ မှ ၂၅၀၀၀) ၊ မူးမြစ်ဝှမ်းရှိ အနှောင်းပိုင်း
အညာသားယဉ်ကျေးမှုဖြစ်စဉ်ကို လွန်ခဲ့သောနှစ်ပေါင်း (၃၀၀၀၀ မှ
၂၀၀၀၀) ၊ ပြဒါးလင်းဂူရှိ အနှောင်းပိုင်း အညာသားယဉ်ကျေးမှုဖြစ်စဉ်ကို
နှစ်ပေါင်း (၁၂၀၀၀ မှ ၆၀၀၀) ၊ ထောက်မကုန်း - မိုးကြိုးပြင်ရှိ ကျောက်ခေတ်
သစ်အညာသားယဉ်ကျေးမှုဖြစ်စဉ်ကို ဘီစီ (၅၀၀)ခန့်အတွင်း တည်ရှိခဲ့သည်
ဟု စဉ်ဆက်မပြတ် တူးဖော်တွေ့ရှိခဲ့ကြသည်။
ကမ္ဘာ့သုတေသနပညာရှင်ကြီးများက မြန်မာနိုင်ငံ၏ လူသားသမိုင်းနှင့်
ပက်သက်၍ ကွင်းဆင်းလေ့လာခဲ့ကြရာတွင် -
(၁) ပရိုင်းမိတ်ခေတ်
(၂) ကျောက်ကြမ်းခေတ် (အညာသားကျောက်ခေတ်ဦး)
(၃) ကျောက်ခေတ်လယ် (အညာသားကျောက်ခေတ်လယ်)
(၄) ကျောက်ချောခေတ် (ကျောက်ခေတ်သစ်)
(၅) ကြေးခေတ်
(၆) သံခေတ်
ဟူ၍ လူသားနေထိုင်မှုသမိုင်းကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်သည်။
၁၉၁၄ ခုနှစ်မှ ၂၀၀၂ အတွင်း မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဌာန
(ရှေး/သု)နှင့် ပြင်သစ်၊ ဂျပန် သုတေသနပညာရှင်ကြီးများ ပူးပေါင်းလေ့
လာမှုအရ - ပုံဆောင်တောင်တန်းဒေသရှိ -
(၁) မြိုင်မြို့နယ်၊ ပေါက်ကျစ်ချောင်
(၂) မြိုင်မြို့နယ်၊ ဗယင်းရွာ
(၃) ပုလဲမြို့နယ်၊ မိုးကောင်းရွာ များသည် ပရိုင်းမိတ်ခေတ် သက်သေ
အဖြစ်လည်းကောင်း ခိုင်မာစွာတွေ့ရှိမှတ်တမ်းတင်ပြီးနောက် -
၁၉၃၈ ခုနှစ်တွင် အမေရိကန်သုတေသနပညာရှင်အဖွဲ့မှ မြန်မာနိုင်ငံ
အလယ်ပိုင်းဒေသများရှိ ကျောက်ခေတ်ဟောင်းယဉ်ကျေးမှုကို လေ့လာ
ဖော်ထုတ်မှတ်တမ်းတင်ခဲ့ကြပြီး ၎င်းယဉ်ကျေးမှုကို အညာသားယဉ်
ကျေးမှု (Anyathian Culture) ဟု သတ်မှတ်ခေါ်ဆိုခဲ့ကြသည်။
ထိုကျောက်ခေတ်ဟောင်းလက်နက်ကိရိယာများ တွေ့ရှိခဲ့ရာ နယ်မြေ
များမှာ -
(၁) မကွေးငချင်းအောင်ဘကုန်း
(၂) ချောက်
(၃) ရေနံချောင်း
(၄) စလေ
(၅) ညောင်ဦး
(၆) ၀ါးတောချောင်း
(၇) မင်းဘူး
(၈) ဆီးချိုပင်
(၉) ပုဂံ
(၁၀) ပခုက္ကူ
(၁၁) မကွေးမြသလွန်ဘုရားအရှေ့ဘက်
(၁၂) စဥ့်ကူး
(၁၃) ပေါက်
(၁၄) မင်းကွန်း
(၁၅) မန္တလေးဝန်းကျင် ဒေသများ -
စသည်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် အခြေချနေထိုင်ခဲ့သည့် ခေတ်ဦးလူ
သားတို့၏ သမိုင်းကြောင်းကို ဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့သည်။
.................................................................................
(ဆက်လက်ဖော်ပြပါမည်)

Sunday, August 2, 2015

မစ်သ်(Myth) နှင့် Mythology သဘောတရား (အပိုင်း-၁)


တကောင်းရာဇ၀င်မစ်သ်နှင့် သရေခေတ္တရာ ရာဇ၀င်မစ်သ်များပါ
ကံရာဇာကြီး၊ ကံရာဇာငယ်၊ မောင်တင့်တယ်၊ တကောင်းအိမ်ရှေ့
မင်းသားဟောင်း ခေပဒူတရသေ့ကြီး၊ စူလသဠသမ္ဘ၀၊ မဟာသ
မ္ဘ၀မင်းညီနောင်၊ မဟာသမ္ဘ၀၏သား ဒွတ္တဘောင်မင်းကြီး၊ သရေ
ခေတ္တရာနောက်ဆုံးမင်း သုပညာနာဂရစိန္ဒ တို့၏ အဖြစ်အပျက်
များသည် ရာဇ၀င်ဆရာတို့ ညွှန်းဆိုဖွဲ့နွဲ့ချဲ့ကားရေးသားထား
သည်များကို ဖယ်လိုက်လျှင် မြန်မာ့သမိုင်းခေတ်ဦးကို တိတိ
ကျကျညွှန်ပြနိုင်သည့် အချက်အလက်များ များစွာတွေ့မြင်နေ
ရကြောင်း ဆရာကြီးဒေါက်တာသန်းထွန်း ဆိုခဲ့ပါသည်။ ထိုသို့
ဆရာကြီးဆိုခဲ့ခြင်းသည် mythology (သမိုင်းမစ်သ်များအတွင်း
ပါရှိနေသော သမိုင်းသဲလွန်စများ၊ အထောက်အထားများ၊ သမိုင်း
အဓိပ္ပါယ်များကို လေ့လာဖော်ထုတ်သောပညာရပ်) သဘော
တရားအရ ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။
မြန်မာ့သမိုင်းတင်ခေတ်ဦးကို တိတိကျကျ ညွှန်းဆိုပြသ
နိုင်သည့် ထိုရာဇ၀င်ပါအချက်အလက်များကိုလည်း
စဉ်းစားဆင်ခြင်တွေးခေါ်မှုစွမ်းအား၊ သုတေသနအချက်
အလက်များ၊ ပြည်တွင်းပြည်ပ ခေတ်ပြိုင်အထောက်
အထားများနှင့် ချိတ်ဆက်၍ အဓိပ္ပါယ်ပြန်ဆိုကြည့်ပါက
ရှေးမြန်မာကြီးများ ကြုံခဲ့ဖြတ်သန်းခဲ့ရသော မြန်မာ့
သမိုင်းတင်ခေတ်ဦး တစ်စိတ်တစ်ဒေသကို တွေ့မြင်
နေရပါသည်။
.......................................................................
(သရေခေတ္တရာမစ်သ်အား ပြည်တွင်းပြည်ပခေတ်ပြိုင်
မှတ်တမ်းများ၊ တူးဖော်တွေ့ရှိရသော သုတေသနအချက်
အလက်များ၊ mythology သဘောတရားများနှင့် နှိုင်းယှဉ်
စစ်ဆေးခြင်း)
သရေခေတ္တရာ ရာဇ၀င်မစ်သ်တွင် မဟာသမ္ဘာ၀မင်းကြီး၏ သား
ဒွတ္တဘောင်မင်းကြီး သရေခေတ္တရာမြို့တည်ပုံကို ဤသို့ဖော်ပြ
ထားပါသည် -
“သာသနာတော်သက္ကရာဇ် ၁၀၁ ခုသို့ ရောက်သောအခါ
ဂ၀ံပတေ့၊ ရသေ့၊ သိကြား၊ နဂါး၊ ဂဋုန်၊ စန္ဒီ၊ ပရမေသူရာ
ဤ သူမြတ်ခုနှစ်ယောက်တို့သည် ဘုရားရှင်ဗျာဒိတ်တော်
ရှိသည်နှင့်အညီ မြို့တည်သောအကြောင်းကို ရုံးစုတိုင်ပင်
ညီညွတ်ကြ၍ သာယာညီညွတ်လှသော မြေအပြင်ဝယ်
သိကြားမင်းသည် စက်တိုင်၌ ရပ်၍နေပြီးလျှင် နဂါးကို
စက်ကြိုးပြု၍ လှည့်တော်မူ၏။”
“သိကြားမင်းသည် မြို့တည်မည့်နေရာ၏ ဗဟိုချက်မတွင်
ရပ်၍ နဂါးအမြှီးကို ကိုင်ထားပေးပြီး နဂါးသည် ကိုယ်အ
လျားကိုဆန့်၍ မြို့တည်ရန် မြေအ၀န်းကို လှည့်ပတ်ပြသည်။
ထိုသို့နဂါးလှည့်စဉ် မြောက်ဘက်အရပ်၌ နဂါးသည် ဂဋုန်နှင့်
တွေ့၍ထိတ်လန့်ကာ ၃ ကြိမ်တွန့်သည်။ ယင်းနဂါးတွန့်ရာ
၃ ခုအတိုင်းမြို့ရိုးကို လိုက်၍တည်သည်။”
*ဒွတ္တဘောင်မင်းကြီး မြို့တည်မည့်အကြောင်းကို ရုံးစု
တိုင်ပင်သည့် ဂ၀ံပတေ့၊ ရသေ့၊ သိကြား၊ နဂါး၊ ဂဋုန်၊
စန္ဒီ၊ ပရမေသူရာ သူမြတ်ခုနှစ်ယောက်ဟု ညွှန်းဆိုခြင်း၌
အရှင်ဂ၀ံပတေ့၊ သိကြား၊ ရသေ့ ဟူသော ဗုဒ္ဓဘာသာ
သင်္ကေတတို့အရ ဒွတ္တဘောင်မင်းကြီး တည်သောမြို့သည်
ဗုဒ္ဓဘာသာမြို့ကြီးဖြစ်ကြောင်း၊ မင်းနှင့်ပြည်သူတို့သည်
ဗုဒ္ဓဘာသာဝင်များဖြစ်ကြောင်း ညွှန်းဆိုပြသနေခြင်းပင်
ဖြစ်ပါသည်။ စန္ဒီ၊ ပရမေသူရာ ဟူသော သင်္ကေတတို့မှာ
ဗြဟ္မဏပုဏ္ဏား ဗေဒင်ဟူရားဆရာကြီးများလည်း အခါပေး
တွက်ချက်ရာတွင် ပါဝင်ရကြောင်း၊ ရွှေနန်းတော်၊ မြို့၊ ကျုံး
၃ ဌာနကို ပန္နက်ရိုက်ရန် သာသနာတော် (၁၀၁)ခု၊ တန်ခူး
လဆန်း (၁)ရက်၊ တနင်္ဂနွေနေ့၊ နက္ခက် ၂၆ လုံး၊ နေထွက်
တပြူဟူသော အခါတော်ကို ဗေဒင်ပညာဖြင့် တွက်ချက်
ပေးရခြင်းဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်ပါသည်။*
*ထိုသို့ ဒွတ္တဘောင်မင်းကြီး တည်ထောင်ခဲ့သော သရေ
ခေတ္တရာပြည်ကြီးသည် ထေရ၀ါဒဗုဒ္ဓဘာသာ မင်းနေ
ပြည်ကြီးဖြစ်ကြောင်းကိုမူ တူးဖော်တွေ့ရှိရသော ထေရ
ဝါဒဗုဒ္ဓဘာသာ အထောက်အထားပေါင်းစုံတို့က ညွှန်းဆို
ပြသထောက်ခံလျှက်ရှိပါသည်။ သရေခေတ္တရာမြို့တော်
ကြီးသို့ဝင်ရောက်ရာ အနောက်ဘက် “ရွှေတံခါး” (ခေါ်)
မြို့တံခါးအ၀င်အ၀တွင် ရေးထိုးထားသော မင်္ဂလသုတ်
တော်ကျောက်စာတိုင်၊ မောရသုတ်တော်ပါဠိတော်
ကျောက်စာတိုင်များ၊ သရေခေတ္တရာတွေ့ ဗုဒ္ဓရုပ်ပွား
ဆင်းတုတော်များ၊ သရေခေတ္တရာမင်းနှင့်ပြည်သူတို့
အမြတ်တနိုးတန်ဖိုးထား၍ ငွေဒင်္ဂါးများ၊ ဗိသုကာအ
ဆောက်အဦးများတွင် ရည်ညွှန်းပုံဖော်သုံးစွဲသော
သီရိဝစ္ဆ(ဗုဒ္ဓအိမ်မွန်)အမှတ်အသားများနှင့် ပိဋိကတ်
သုံးပုံကောက်နှုတ်ချက်များက အတည်ပြုထောက်ခံလျှက်
ရှိပါသည်။*
*မြို့တည်မည့် နေရာ၌ သိကြားရပ်သည် ဆိုသည်မှာ
ရွေးချယ်ထားသော မြို့တည်မည့်နေရာ၌ သောကြာနာမ်
သစ်သားတိုင်ကို စိုက်ထူးခြင်းဖြစ်ပါသည်။ နဂါးဆိုသည်မှာ
စနေနံ နွားသားရေကြိုးကို ဆိုလိုခြင်းဖြစ်ပြီး နဂါးအမြှီးကို
သိကြားက ကိုင်ထားသည်ဆိုသည်မှာ သစ်သားတိုင်တွင်
နွားသားရေကြိုးကို ချည်နှောင်ထားခြင်းဖြစ်ပါသည်။
ဂဋုန်ဆိုသည်မှာ တနင်္ဂနွေနံ အင်း ကိုဆိုလိုခြင်းဖြစ်ပြီး
နဂါးသည် ဂဋုန်နှင့်တွေ့ရာ လန့်ဖြန့်ပြီးတွန့်သဖြင့် ယင်း
နဂါးတွန့်ရာအတိုင်း မြို့ရိုးတည်သည်ဆိုသည်မှာ မြို့၏
မြောက်အရပ်၌ တနင်္ဂနွေနံ အင်းကြီးရှိသဖြင့် ယင်းအင်း
ကြီး၏ကမ်းသည် တဖြောင့်တည်းမရှိဘဲ ကွေ့ကောက်နေရာ
မြို့ရိုးကို အင်းကမ်းပါးစပ်အတိုင်းလိုက်၍ တည်ထားခြင်း
ဖြစ်ပါသည်။ မှန်ကန်ကြောင်းကိုလည်း ယနေ့ခေတ်အထိ
ကြွင်းကျန်နေသော မြောက်ဘက်မြို့ရိုးကြီးတစ်လျှောက်
၃ နေရာကွေ့ဝိုက်သွားကြောင်းနှင့် မြို့တံခါး မြောက်ဘက်
နဂါးတွန့်တံခါးအပြင်ဘက်တွင်အင်းကြီးကို တွေ့မြင်ရ
ပါသည်။*
“ဒွတ္တဘာင်မင်းကြီးအား သိကြားမင်းသည် လက်တော်
မ လျှက် နန်းတင်သည်” ဟူသော ရေးဖွဲ့ပြောဆိုချက်မှာ
*ဓာတ်ရိုက်ဓာတ်ဆင် ဗေဒင်ဟူးရားသဘောအရ သောကြာ
သားတစ်ဦးက ဒွတ္တဘောင်မင်းကြီးကို နန်းတက်ရာ၌
လက်တွဲ၍ တင်ပေးရခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။*
“ဒွတ္တဘောင်မင်းကြီးသည် ဘုန်းကြီးသောမင်းဖြစ်၍
နင်းတိုင်းလှမ်းတိုင်း မြေကြီးတို့ ကျွံနစ်ကုန်၏။ သိကြား
မင်းသည် မိမိတန်ခိုးအာနုဘော်အားဖြင့် လှမ်းတိုင်း
လှမ်းတိုင်းသောအခါ သံမှိုခံပေး၏။” ဟူသော ရေးဖွဲ့
ချက်မှာ- *သရေခေတ္တရာမြို့တည်ရာအရပ်သည်
ထိုစဉ်က ငလျင်တော်လဲ မကြာခဏလှုပ်သောအရပ်
ဖြစ်ကြောင်း ညွှန်းဆိုပြသခြင်းဖြစ်ပြီး၊ ဧရာဝတီမြစ်၏
အရှေ့ဘက်ကမ်း၊ ဧရာဝတီမြစ်နှင့် ပဲခူးရိုးမအကြား
တွင်တည်ရှိသော သရေခေတ္တရာမြို့ကြီးသည် ပဲခူး
ရိုးမပြတ်ရွှေ့ကြော(ငလျင်ကြော)နှင့် နီးကပ်စွာတည်ရှိ
နေသည် မဟုတ်ပါလော။ ထိုသို့ မကြာခဏ ငလျင်လှုပ်
လေ့ရှိသော မြို့ကြီးတွင် ဓာတ်ရိုက်ဓာတ်ဆင်သဘောအရ
သိကြား ဟူသော သောကြာနာမ်နှင့်ထပ်တူ သံမှို/သံဆူး
ကြီးများ ရိုက်သွင်းပေးထားရကြောင်းဆိုလိုခြင်းဖြစ်ပါသည်။
မှန်ကန်ကြောင်းကိုလည်း သရေခေတ္တရာမြို့ဟောင်းအတွင်း
နေရာအနှံ့အပြား ရိုက်သွင်းထားသော တစ်လံမှ နှစ်လံခန့်
ရှိသည့် သံဆူးကြီးများကို တူးဖော်တွေ့ရှိရပါသည်။*
“ဇမ္ဗူဒီပါကျွန်းမှစ၍ အသူရာပြည်၊ နဂါးပြည်တိုင်အောင်
ဇမ္ဗူအောင်လက်နက်နိုင်ငံဖြစ်၍ အခွန်ခံတော်မူ၏။ အခွန်
ခံသောအကြောင်းကား အထူးထူးသောအမှာစာတို့ကို
စီလျဉ်ရေးစေပြီးသော် လှံပျံတွင်ဆွဲပြီးမှ လှံထိုးတောင်သို့
တက်တော်မူ၍ မင်းကြီးလက်တော်ဖြင့် ထိုးသည်ရှိသော်
ဆိုခဲ့ပြီးသော မင်းတို့၏ ဦးခေါင်းထက်၌ ကျအံ့သကဲ့သို့
တည်လေ၏။ ထိုအခါ ထိုသို့ မင်းတို့သည် သာယာ
ချေငံသောစကားဖြင့် ခယရိုသေစွာ ကျိုးနွံ၍ အထူး
ထူးသော ပူဇော်သက္ကာယတို့ကို ပြုပြီးမှ လှံပျံသွား
သောဟူ၏။ ခေါင်းလောင်းကြီး၊ စည်ကြီးတို့ဖြင့်
အခွန်ခံသောအခါလည်း ဤကဲ့သို့ တစ်ချက်ခတ်
တီးသည်ရှိသော် ထိုထိုသို့သော လူမင်း၊ နတ်မင်း၊
နဂါးမင်းတို့၏ နားရင်း၌ တီးဘိသကဲ့သို့ ထိုအသံ
တို့သည် တည်လေ၏။ ထိုထိုသို့သောမင်းတို့သည် ရိုသေ
ခယသောစကားဖြင့် တောင်းပန်သည်မှ အသံစဲသော
ဟူ၏။”
*ဆိုလိုရင်းမှာ လှံပျံကို မင်းကြီးလက်တော်နှင့် ထိုးသည်
ဆိုခြင်းမှာ ဒွတ္တဘောင်မင်းကြီး၏ အမိန့်အာဏာစက်ဖြင့်
လှံရှည်ကိုင်ခြေလျင်တပ်၊ ဆင်တပ်၊ မြင်းတပ်များဖြင့်
ချီတက်လုပ်ကြံစေခြင်းကို ဆိုလိုပါသည်။ ဒွတ္တဘောင်
မင်းကြီး၏ လက်နက်ကိုင်တပ်များ ချီတက်ဝန်းရံခြင်း
ခံရသော မင်းတို့သည် အလျှော့ပေးကျိုးနွံသြဇာခံလျှက်
အထူးထူးသော လက်ဆောင်ပဏ္ဏာများဆက်သည့်အခါ
မင်းကြီး၏ လှံရှည်ကိုင်တပ်ဖွဲ့များ နန်းတော်သို့ ပြန်လာ
သည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ ခေါင်းလောင်းကြီး၊
စည်ကြီးတို့ဖြင့် အခွန်ခံသည်ဆိုခြင်းမှာ ရိုသေကျိုးနွံ
သြဇာခံပြီးဖြစ်သော လက်အာက်ခံမင်းတို့ထံသို့မူ
လက်နက်ကိုင်တပ် စေလွှတ်ရန်မလိုဘဲ နှစ်စဉ်
အချိန်မှန် ရာဇတမာန်တော်တို့၏ စည်သံ၊ ခေါင်း
လောင်းသံတို့ပေးပြီး ပဏ္ဏာကောက်ယူကြောင်း
ဆိုလိုခြင်းဖြစ်ပါသည်။*
*ဒွတ္တဘောင်မင်းကြီး သရေခေတ္တရာမြို့တည်ချိန်မှာ
မဇ္ဈိမဒေသ၌ ကာလာသောကမင်းကို အမှီပြု၍
ရှင်မဟာယသ အမှူးရှိသော ရဟန္တာမြတ် (၇၀၀)တို့
ဒုတိယသင်္ဂါယနာတင်ပြီး နောက်တစ်နှစ် (သာသနာ
နှစ် ၁၀၁ ခုနှစ်တွင်ဖြစ်သည်။ မဟာသမ္ဘ၀မင်းကြီး၏
သား ဒွတ္တဘောင်မင်းကြီး (၁၀၁-၁၇၁)လက်ထက်၌
သောကြမ္မာ၊ ညည်းညည်း၊ စည်းစည်း၊ ပေါပေါ၊
လျောလျော၊ မြသီတင် ဟူသော ကောင်းမှုတော်
စေတီ ၆ ဆူမှာ အသောကမင်း တတိယသင်္ဂါယနာ
မတင်ရသေးမှီ တည်ခဲ့သောစေတီများဖြစ်ကြောင်း
သရေခေတ္တရာမစ်သ်များအတွင်းမှ သိရှိရပါသည်။
ထိုအချက်မှန်ကန်ကြောင်းကို ၂၀၀၅ ခုနှစ်ကုန်ပိုင်း
ဘောဘောကြီးစေတီတော်ထိပ်ပိုင်းမှ ပြိုကျသော
ရှေးအုပ်ချပ်ကြီးများပေါ်တွင် ရှေးဗြဟ္မီအက္ခရာ
အုတ်ခဲစာများ၊ လက်ရေးစင်းအုတ်များနှင့်အတူ
တွေ့ရှိရပါသည်။ ထိုအုတ်များပေါ်တွင် ရေးထွင်း
ထားသော ဗြဟ္မီအက္ခရာများသည် အသောက
ကျောက်စာတိုင် ၃၂ တိုင်ပါ ဗြဟ္မီအက္ခရာများနှင့်
ကွာခြားမှုမရှိ ထပ်တူညီပါသည်။ ပညာရှင်များ
အဆိုအရ ဗုဒ္ဓခေတ်ဗြဟ္မီအက္ခရာများနှင့် အသော
ကခေတ်ဗြဟ္မီအက္ခရာများ ကွာခြားမှုမရှိဟု ဆိုခဲ့ရာ
ဘောဘောကြီးစေတီသည် အသောကမင်းမတိုင်မှီ
တည်ခဲ့သောစေတီဖြစ်ကြောင်း လေ့လာတွေ့ရှိရ
ပါသည်။*
-----------------------------------------------------
ဆက်လက်ဖော်ပြပေးသွားပါမည်။


Thant Lwin Oo

Thursday, July 30, 2015

ပျူခေတ်ရိုးရာဓလေ့များနဲ့ မြန်မာ့ရိုးရာဓလေ့များ ဘာ့ကြောင့် မတူပါသလဲ?




ပျူခေတ်ရိုးရာဓလေ့များနဲ့ မြန်မာ့ရိုးရာဓလေ့များ
ဘာ့ကြောင့် မတူပါသလဲ ဆိုတဲ့အချက်ကို စစ်ဆေး
ကြည့်ရှုခြင်းဖြစ်ပါတယ်။ စစ်ဆေးကြည့်တဲ့အခါမှာ
ပျူနဲ့ မြန်မာ ဓလေ့မတူဆိုတဲ့ အဆိုပြုချက်များ
မှားယွင်းကြောင်းတွေ့ရှိရပါတယ်။
သရေခေတ္တရာမြန်မာတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံ
ဖြစ်သည့် ဗုဒ္ဓဘာသာ စေတီပုံစံ၊ လှိုဏ်ဘုရားပုံစံ၊
ပြဿာဒ်ပုံစံ၊ မုခ်ပုံစံ၊ ကွမ်းတောင်ပုံစံ၊ ရုပ်ပွားပုံစံ၊
အုတ်ခွက်ဘုရားပုံစံ၊ သပိတ်ပုံစံ၊ စေတီရံပုံစံ၊
ပျော့ပလ္လင်၊ ကြာပလ္လင်၊ ဖောင်းတွန့်ဖောင်းရစ်များ၊
သီရိဝစ္ဆ၊ မကိုဋ်ပုံစံ၊ ထီးရှည်ပုံစံ၊ ပုဆိုးပုံစံ၊ ခြင်္သေ့
ပုံစံ၊ ခြင်းလုံးပုံစံ၊ ဆင်မကိုး ပန်းတင်ကုန်းတွေ့
အပွင့်၊ အခက်၊ အကွက်၊ အကန့်၊ အမွမ်းအမံ
ဒီဇိုင်းများသည် သရေခေတ္တရာခေတ်မှ ပုဂံခေတ်
အထိ ဆင်တူညီရုံမက မြန်မာတို့ယနေ့တိုင်
သုံးစွဲလျှက်ရှိသော ဒီဇိုင်းပုံများနှင့် များစွာဆင်
တူညီပါသည်။
*သရေခေတ္တရာမြန်မာတို့၏ လှိုဏ်ဘုရားများ၊
တိုက်ခံစေတီများနှင့် ပုဂံခေတ်မြန်မာတို့၏
လှိုဏ်ဘုရားများ၊ တိုက်ခံစေတီများ၊ အင်းဝခေတ်
မြန်မာတို့၏ လှိုဏ်ဘုရားများ၊ တိုက်ခံစေတီများ
အခြေခံဒီဇိုင်း ထပ်တူညီပါသည်။ ပုဂံလှိုဏ်ဘုရား
များ၏ ရှေ့ပြေးပုံစံမှာ သရေခေတ္တရာလှိုဏ်ဘုရားများ
ဖြစ်ကြောင်း ဂျီအိပ်ခ်လုစ်ကိုယ်တိုင် သူ၏
“The Ancient Pyu” စာတမ်းတွင် ၀န်ခံရေးသား
ခဲ့ပါသည်။*
*သရေခေတ္တရာ၊ ဘုရားမာစေတီအနီး၊ အုတ်ကုန်း
ပျက်တွေ့ သီရိဝစ္ဆပုံပါ ကြေးခေါင်းလောင်းငယ်နှင့်
အုပ်လျှက်တွေ့ရှိရသော ကခုန်တီးမှုတ်နေသည့်
ကမ္ဘာကျော် ပျူကြေးရုပ် ၅ရုပ်၏ ခါးပုံစချ၊ ပုဆိုးတို
ဝတ်ဆင်ထားပုံမှာ မြန်မာပုဆိုးတိုဝတ်ဆင်ပုံနှင့်
ထပ်တူညီပါသည်။*
*ယင်းကြေးရုပ် ၅ရုပ်၏ သရုပ်ဖော်ပုံမှာ မြန်မာ့ရိုးရာ
ဒိုးပတ်ဝိုင်းနှင့် ထပ်တူညီပြီး အထုပ်ကလေးထမ်း၍
ကနေသော လူပုံမှာ ဦးရွှေရိုးအကနှင့် ဆင်တူညီပါ
သည်။ သရေခေတ္တရာမြန်မာတို့ ဒိုးပတ်ဝိုင်းနှင့်
ဦးရွှေရိုးအက ကကြသကဲ့သို့ ယနေ့ခေတ်မြန်မာ
များသည်လည်း အလှူမင်္ဂလာပွဲများတွင် ဒိုးပတ်
ဝိုင်းနှင့် ဦးရွှေရိုးအကကို ရိုးရာမပျက် ကျင်းပ
နေဆဲဖြစ်ပါသည်။*
*၁၉၂၆-၂၇ ခုနှစ်တွင် တူးဖော်တွေ့ရှိသော
သရေခေတ္တရာ၊ ခင်ဘကုန်း၊ ဌာပနာတိုက်
ကျောက်ပြားအဖုံး၏ ကျောက်ထွင်းပုံပါ ထီးတော်
မိုးပုံမှ ပုဆိုးခါးတောင်းကျိုက်ပုံစံနှင့် သရေခေတ္တရာ၊
မှော်ဇာတွေ့ ကခုန်နေဟန် လူ ၃ဦး၏ ပုဆိုးခါး
တောင်းကျိုက်ပုံများမှာ ကုန်းဘောင်ခေတ်မြန်မာ
ကြီးများ၏ ပုဆိုးခါးတောင်းကျိုက်ပုံစံနှင့်ထပ်တူညီ
ပါသည်။*
*ယင်း ထီးတော်မိုးကျောက်ထွင်းရုပ်ပေါ်မှ ခေါင်း
ပေါင်းပုံစံမှာ မြန်မာ့ခေါင်းပေါင်းရှေ့ပြေးပုံစံဖြစ်ပြီး
ထီးတော်မှာ ယနေ့တိုင် မြန်မာဘုန်းကြီးကျောင်း
များတွင် အသုံးပြုလျှက်ရှိသော အရိုးရှည်ထီးပုံ
ဖြစ်ပါသည်။*
*ကမ္ဘာကျော် ပျူခေတ်လက်ရာအဖြစ် သတ်မှတ်
ထားသော နယားပုံစံ ရွှေလက်ကြပ်မှ နယားပုံစံနှင့်
ပုံစံတူ နယားရုပ်တုကို မြန်မာ့ဆိုင်းဝိုင်းများယနေ့တိုင်
အမြတ်တနိုးအသုံးပြုနေဆဲဖြစ်ပါသည်။*
*သရေခေတ္တရာ ဘုရားဌာပနာတိုက်ဟောင်းတစ်ခုမှ
ငွေခြင်းလုံးများ တွေ့ရှိခဲ့ဖူးပါသည်။ ခြင်းလုံးသဏ္ဍာန်တူ
ပျူခေတ် ရွှေပုတီးစေ့များလည်း အမြောက်အမြား
တူးဖော်တွေ့ရှိခဲ့ကြပါသည်။ သရေခေတ္တရာမြန်မာများ
ခြင်းလုံးခတ်ကစားကြသကဲ့သို့ ယနေ့ခေတ်မြန်မာများ
သည်လည်း ခြင်းလုံးခတ်ကစားဆဲဖြစ်၍ ခြင်းလုံးသည်
မြန်မာ့ရိုးရာ ကစားနည်းတစ်ခုသာဖြစ်ပါသည်။*
*သရေခေတ္တရာအုတ်ခွက်ဘုရားများတွင် ပါရှိသော
(ဘုရားပလ္လင်တို့ပါ) ကြာမှောက်၊ ကြာလှန် ပုံတို့သည်
လည်းကောင်း၊ ဟန်လင်း အမှတ်(၁၂)ကုန်းတွေ့
အခြေကားသည့် ခေါင်းလောင်းပုံ စေတီပုံပါ ကြာ
မှောက် ကြာလှန်ဒီဇိုင်းများသည် ပုဂံခေတ်မှ
ယနေ့တိုင် မြန်မာတို့ ပြုလုပ်သုံးစွဲနေသော
ဒီဇိုင်းပုံများသာ ဖြစ်ပါသည်။*
*သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး မြို့ဟောင်း
ကြီးများတည်ထောင်နေထိုင်ခဲ့သော ရှေးမြန်မာကြီးများ
ကဲ့သို့ ပုဂံမြန်မာကြီးများသည်လည်း အရိုးအိုးမြှုပ်နှံသည့်
ဓလေ့ရှိပါသည်။ ပုဂံ အပါယ်ရတနာဘုရား အနောက်ဘက်
အုတ်တံတိုင်းနံရံအပြင်မှစ၍ ဧရာဝတီမြစ်ကမ်းစပ်နေရာ
တစ်ခုလုံးသည် ပျူအရိုးအိုးမြှုပ်နှံသော ပျူသင်္ချိုင်းရာ
ဖြစ်ကြောင်း ရှေးဟောင်းသုတေသနဌာနမှ မှတ်တမ်းတင်
ထားရှိပြီး ထိုသင်္ချိုင်းရာမှ ပုတီးစေ့အမြောက်အများ
တူးဖော်တွေ့ရှိခဲ့ကြောင်း လေ့လာသိရှိရပါသည်။*
*အနော်ရထာနန်းတော်ရာဟု သတ်မှတ်ထားသော
တူးဖော်ကုန်းမှ အရိုးအိုးကြိးများလည်း တူးဖော်တွေ့ရှိ
ထားပါသည်။*
*၁၉၇၅ ခုနှစ် ငလျှင်ဒဏ်ကြောင့် ကန်တော့ပလ္လင်
ဘုရား ကွမ်းတောင်ပြိုကျရာမှ ဌာပနာထည့်ထားသော
ပျူဒင်္ဂါးများကို ကုန်းဘောင်ခေတ်ပစ္စည်းများနှင့်
အတူတွေ့ရှိရပြီး မှတ်တမ်းယူကာ ပြန်လည်ထာပ
နာထည့် တည်ထားကြောင်း မှတ်တမ်းရှိပါသည်။*
*ယနေ့တိုင် မြန်မာနိုင်ငံတစ်ဝှမ်း ပြုလုပ်သုံးစွဲနေသော
ကျောက်သပိတ်၊ သံသပိတ်၊ ဒန်သပိတ် အစရှိသော
သပိတ်ပုံစံဒီဇိုင်းမှာ ဗိဿနိုးတွေ့ သပိတ်ပုံမြေအိုး၏
ပုံစံတူဖြစ်ပါသည်။*
အထက်ပါအထောက်အထားများအရ ပျူနှင့်မြန်မာ
ဓလေ့မတူ ဟူသောစကားများသည် အထောက်အထား
မရှိသော ရော်ရမ်းမှန်းဆချက်များသာဖြစ်ပြီး အထောက်
အထားတို့က ညွှန်းဆိုပြသသည်မှာ သရေခေတ္တရာမြန်မာ
ဟူသော ပျူတို့၏ဓလေ့၊ ပုဂံမြန်မာဟူသော ပျူတို့၏ဓလေ့၊
ကုန်းဘောင်ခေတ်မြန်မာကြီးများ၏ ဓလေ့နှင့် ယနေ့ခေတ်
မြန်မာများ၏ ဓလေ့ တူညီကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

Thant Lwin Oo

သရေခေတ္တရာ (သို့မဟုတ်) ပထမမြန်မာနိုင်ငံတော်







သရေခေတ္တရာ၊ ပြည် ဟူသော မြို့ဟောင်းကြီးအကြောင်းကို
မြန်မာ့ရာဇ၀င်တို့၌ အတိအလင်းညွှန်းဆိုပြသထားပါသည်။
ထိုသို့ မြန်မာ့ရာဇ၀င်များ၌သာ ညွှန်းဆိုပြသ၍ မြန်မာနိုင်ငံ၏
သမိုင်းတင်ခေတ်ဦးကာလ ယင်းမြို့ဟောင်းကြီးအကြောင်းနှင့်
ယင်းမြို့ဟောင်းကြီးကို တည်ထောင်နေထိုင်ကြသော ဗြဟ္မာ-
ဗရမ္မာ-ဗမာ (မရမ္မ-မြမ္မ-မြန်မာ)လူမျိုးတို့၏ ရှည်လျှားသော
သမိုင်းကြောင်း တစ်စိတ်တစ်ဒေသကို ကျွန်တော်တို့အနေဖြင့်
မှန်ကန်စွာ လေ့လာကြရန်လည်း လိုအပ်ပါသည်။
မြန်မာနိုင်ငံသည် ဘီစီ ၂ ရာစု သရေခေတ္တရာခေတ်နှင့် ပုဂံခေတ်
တို့ကတည်းက ဗမာ (ဗြဟ္မာ)လူမျိုး၊ ဗမာ (ဗြဟ္မာ)နိုင်ငံ ဟူသော
အမည်ဖြင့် ထင်ရှားသော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိပေါ်ထွန်းနေပြီ
ဖြစ်ပါသည်။ ဘီစီ ၂ ရာစု (လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်နှစ်ရာ)
ကတည်းက ဟန့်မင်းဆက်ခေတ် တရုတ်နန်းတော်နှင့် မဇ္ဈိမ အိန္ဒိယ
သားတို့သည် သရေခေတ္တရာနိုင်ငံကို ဗမာ(ဗြဟ္မာ)နိုင်ငံ ဟု သိရှိခေါ်ဝေါ်
မှတ်တမ်းတင်ခဲ့ကြပါသည်။ အေဒီ ၃ ရာစု ရှေးတရုတ် ပြည်ထောင်
ခေတ် ဝေ့နိုင်ငံ နှင့် ရှုနိုင်ငံ နန်းတော်မှတ်တမ်းများသည် အေဒီ ၃ ရာစု
ရှေးမြန်မာနိုင်ငံကိုဗမာ(ဗြဟ္မာ)နိုင်ငံ ဟုလည်းကောင်း၊ ပုဂံနိုင်ငံဟု
လည်းကောင်း အမည်၂ မျိုးလုံးဖြင့် သိရှိခေါ်ဝေါ်မှတ်တမ်းတင်ခဲ့ကြ
ပါသည်။ ပုဂံခေတ် ဗမာကျောက်စာတို့တွင် ဗမာလူမျိုးတို့သည် မိမိ
လူမျိုးအမည်ကို မြန်မာအပြင် ဗြဟ္မာ ဟုလည်း ရေးထိုးဖော်ပြခဲ့ကြ
ပါသည်။
ပုဂံခေတ် ဗမာလူမျိုးအမည်မှာ ဗြဟ္မာဖြစ်ကြောင်း ဆရာကြီး
ဒေါက်တာသန်းထွန်း ဖော်ပြရေးသားခဲ့ပါသည်။ ဘီစီ ၂ ရာစု
သရေခေတ္တရာခေတ် ဗမာနိုင်ငံနှင့် အေဒီ ၃ ရာစု မှ အေဒီ ၁၀ ရာစု
ပုဂံဗမာနိုင်ငံတို့သည် မြောက်ဘက်တွင် ယူနန်၊ တောင်ဘက်တွင်
ပင်လယ်အထိ နယ်မြေအကျယ်အ၀န်းရှိကြောင်း၊ တစ်နည်းအားဖြင့်
ဆိုသော် ဘီစီ ၂ ရာစုမှ အေဒီ ၁၀ရာစု ဗမာနိုင်ငံကြီး၏ မြောက်ဘက်
နယ်နိမိတ်သည် ယူနန်၊ တောင်ဘက်နယ်နိမိတ်သည် ပင်လယ်ဖြစ်
ကြောင်း၊ ဘီစီ ၂ ရာစုမှ အေဒီ ၁၀ရာစုအထိ တရုတ်နန်းတော်
မှတ်တမ်းအသီးသီးကသိရှိဖော်ပြမှတ်တမ်းတင်ခဲ့ပါသည်။
ထို့အပြင် ဘီစီ ၂ ရာစုမှ အေဒီ ၁၀ ရာစုအထိ တရုတ်နန်းတော်မှတ်
တမ်းများသည် ဘီစီ ၂ ရာစုမှ အေဒီ ၉ ရာစုအထိ ဆက်သွယ်သွားလာ
ထွန်းကားနေသော အိန္ဒိယ-ဗမာ-ယူနန် ကုန်သည်လမ်းကြောင်းကြီး
ရှိနေကြောင်းကိုလည်းကောင်း၊ ယင်းလမ်းကြောင်းအတိုင်း ဗမာနိုင်ငံ
အချက်အချာ (ဗမာမင်းနေပြည်တို့တည်ရှိရာ) ဒေသနှင့် အိန္ဒိယ
ပါတလိပုတ်မြို့ကြီး (ဘီစီ ၃ ရာစု အသောကမင်းကြီး၏ မင်းနေပြည်မြို့
ဟောင်းကြီး) တို့ တောက်လျှောက် လမ်းပေါက်လျက်ရှိကြောင်းကို
လည်းကောင်း၊ ဘီစီ ၂ ရာစု ဗမာနိုင်ငံ၏ တောင်ဘက်တွင် အိန္ဒိယသို့
သွားသော ဗမာတို့၏ ပင်လယ်ဆိပ်ကမ်းမြို့ကြီး ရှိကြောင်းကို
လည်းကောင်း သိရှိမှတ်တမ်းတင်ခဲ့ကြပါသည်။
တွေ့ရှိရသော အိန္ဒိယ၊ တရုတ် ခေတ်ပြိုင်မှတ်တမ်း အထောက်အထား
များနှင့် ကာဗွန်သက်တမ်း စစ်ဆေးတွေ့ရှိချက်များအရ ဘီစီ ၂ ရာစု
ဗမာနိုင်ငံမှ သရေခေတ္တရာ၊ ဗိဿနိုးမြို့ဟောင်းကြီးများမှာ ဘီစီ ၂ ရာစု
ကာလကပင် ထွန်းကားတည်ရှိသော မြို့ကြီးများဖြစ်ကြောင်း ပြည်တွင်း/
ပြည်ပ သမိုင်းပညာရှင်များမငြင်းနိုင်ပဲ လက်ခံပြောဆို ရေးသားနေကြပြီ
ဖြစ်ပါသည်။
ထိုသို့သော သမိုင်းဝင် မြန်မာ့မြို့ဟောင်းကြီးများအကြောင်းကို
ရှေးရာဇ၀င်ဆရာတို့က မှတ်တမ်းတင်သောအခါတွင် ပညာသားပါစွာ
ထည့်သွင်းထားသော သမိုင်းအဖြစ်အပျက်များ၊ နမိတ်ပုံများ၊ တင်စား
ညွှန်းဆိုမှုများ ပါဝင်လေ့ရှိပါသည်။ ထိုသို့ ညွှန်းဆိုချက်များကိုလည်း
မှန်ကန်စွာ အဓိပ္ပါယ်ဖွင့်ဆိုရန် လိုအပ်လှပါသည်။
သရေခေတ္တရာ ရာဇ၀င်မစ်သ်တွင် မဟာသမ္ဘာ၀မင်းကြီး၏ သား
ဒွတ္တဘောင်မင်းကြီး သရေခေတ္တရာမြို့တည်ပုံကို ဤသို့ဖော်ပြ
ထားပါသည် -
“သာသနာတော်သက္ကရာဇ် ၁၀၁ ခုသို့ ရောက်သောအခါ ဂ၀ံပတေ့၊
ရသေ့၊ သိကြား၊ နဂါး၊ ဂဋုန်၊ စန္ဒီ၊ ပရမေသူရာ ဤ သူမြတ်ခုနှစ်
ယောက်တို့သည် ဘုရားရှင်ဗျာဒိတ်တော် ရှိသည်နှင့်အညီ မြို့တည်
သောအကြောင်းကို ရုံးစုတိုင်ပင်ညီညွတ်ကြ၍ သာယာညီညွတ်
လှသော မြေအပြင်ဝယ် သိကြားမင်းသည် စက်တိုင်၌ ရပ်၍
နေပြီးလျှင် နဂါးကို စက်ကြိုးပြု၍ လှည့်တော်မူ၏။”
“သိကြားမင်းသည် မြို့တည်မည့်နေရာ၏ ဗဟိုချက်မတွင်
ရပ်၍ နဂါးအမြှီးကို ကိုင်ထားပေးပြီး နဂါးသည် ကိုယ်အလျားကို
ဆန့်၍ မြို့တည်ရန် မြေအ၀န်းကို လှည့်ပတ်ပြသည်။ ထိုသို့
နဂါးလှည့်စဉ် မြောက်ဘက်အရပ်၌ နဂါးသည် ဂဋုန်နှင့်တွေ့၍
ထိတ်လန့်ကာ ၃ ကြိမ်တွန့်သည်။ ယင်းနဂါးတွန့်ရာ ၃ ခုအတိုင်း
မြို့ရိုးကို လိုက်၍တည်သည်။”
ထိုသို့သော မြန်မာ့ရာဇ၀င်ဖော်ပြချက်ပါ သိကြား၊ နဂါး၊ ဂဋုန်
စသော ဒဏ္ဍာရီလာဇာတ်ကောင်များ၏ ညွှန်းဆိုချက်ကို ကျွန်
တော်တို့အနေဖြင့် မှန်ကန်စွာ အဓိပ္ပါယ်ဖွင့်ဆိုရန် လိုအပ်ပါသည်။
*မြို့တည်မည့် နေရာ၌ သိကြားရပ်သည် ဆိုသည်မှာ ရွေးချယ်
ထားသော မြို့တည်မည့်နေရာ၌ သောကြာနာမ် သစ်သားတိုင်ကို
စိုက်ထူးခြင်းဖြစ်ပါသည်။ နဂါးဆိုသည်မှာ စနေနံ နွားသားရေကြိုးကို
ဆိုလိုခြင်းဖြစ်ပြီး နဂါးအမြှီးကို သိကြားက ကိုင်ထားသည်ဆိုသည်မှာ
သစ်သားတိုင်တွင် နွားသားရေကြိုးကို ချည်နှောင်ထားခြင်းဖြစ်ပါ
သည်။ ဂဋုန်ဆိုသည်မှာ တနင်္ဂနွေနံ အင်း ကိုဆိုလိုခြင်းဖြစ်ပြီး
နဂါးသည် ဂဋုန်နှင့်တွေ့ရာ လန့်ဖြန့်ပြီးတွန့်သဖြင့် ယင်းနဂါးတွန့်
ရာအတိုင်း မြို့ရိုးတည်သည်ဆိုသည်မှာ မြို့၏ မြောက်အရပ်၌
တနင်္ဂနွေနံ အင်းကြီးရှိသဖြင့် ယင်းအင်းကြီး၏ကမ်းသည် တဖြောင့်
တည်းမရှိဘဲ နေရာကွေ့ကောက်နေရာ မြို့ရိုးကို အင်းကမ်းပါးစပ်
အတိုင်းလိုက်၍ တည်ထားခြင်းဖြစ်ပါသည်။ မှန်ကန်ကြောင်းကိုလည်း
သရေခေတ္တရာ မြို့တံခါ မြောက်ဘက် နဂါးတွန့်တံခါးအပြင်ဘက်တွင်
အင်းကြီးကို တွေ့မြင်ရပါသည်။*
ရှေးအခါက သမိုင်းဝင်အဖြစ်အပျက်များကို မှတ်တမ်းတင်ရာတွင်
ကျောက်တုံး၊ ပေရွက်၊ ထန်းရွက်၊ ရွှေပြား၊ ငွေပြား၊ ကြေးပြားများ
ပေါ်တွင် ရေးသားမှတ်တမ်းတင်ရသောကြောင့်လည်းကောင်း၊
ဘုန်းတန်းခိုးကြီးမားသော မင်းများအကြောင်းကို ဖွဲနွဲ့၍ ရေးသား
သီကုံးခြင်းကြောင့်လည်းကောင်း အထက်ပါအတိုင်း ဒဏ္ဍာရီ
ဆန်ဆန် မှတ်တမ်းတင်ထားခြင်းကိုလည်း ထိုသို့ အဓိပ္ပါယ်ရှိရှိ
ပြန်လည်ဖော်ထုတ်နိုင်ရန် လိုအပ်ပါသည်။ ဆရာကြီးဒေါက်တာ
သန်းထွန်းကလည်း ရှေးမြန်မာရာဇ၀င်များထဲမှ နတ်၊ နဂါး၊
ဘီလူး စသော ဂမ္ဘီရများကို ဖယ်ကြည့်လျှင် အဖြစ်များသည်
ရှေးမြန်မာတို့၏ တကယ့်သမိုင်းဝင်အဖြစ်အပျက်များဟု
ယူဆကြောင်း *မြန်မာ့သမိုင်းနိဒါန်း*စာအုပ်တွင် ရေးသား
ပြောဆိုခဲ့သည်မှာ မစ်သ်နှင့် မစ်သ်သော်လော်ဂျီပညာအရ
ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။
ထိုသို့သော ကြီးကျယ်မြင့်မြတ်မှုများနှင့် ရောပြွမ်းနေသော
မြန်မာ့မြို့ဟောင်းကြီး သရေခေတ္တရာတွင် မြန်မာ့ရာဇ၀င်များပါ
သရေခေတ္တရာမင်းဆက် ရှေးဗရမ္မာ-ဗမာကြီးများ မင်းပြုစိုးစံ
ခဲ့ကြောင်းကိုလည်း သမိုင်းသုတေသနနည်းအရ ထင်ရှားစွာ
ပေါ်ပေါက်လျှက်ရှိပါသည်။
သရေခေတ္တရာမြို့ဟောင်းတွေ့ ၊ သရေခေတ္တရာ အတိတျာမင်း
ကျောက်အရိုးအိုးဟု ပညာရှင်တို့ တစ်ညီတစ်ညွတ်တည်း သတ်
မှတ်ထားသော ကျောက်အရိုးအိုးပေါ်တွင် သရေခေတ္တရာမင်းဆက်
များဖြစ်သော ဒွတ္တပေါင်မင်း၊ သိရိရာဇ်မင်း၊ ကံနုမင်း၊ သာခမင်း၊
ဘိဇ္ဇမင်း၊ အတိတျာဝိကြမမင်း စသည့် မင်းအမည်များ ထင်ရှားစွာ
ရေးထိုးပါရှိပါသည်။ ထိုမင်းတို့ကို မြန်မာ့ရာဇ၀င်များက မြန်မာနှင့်
မတူသော ပျူဟု မှတ်တမ်းတင်ထားခြင်းမရှိသကဲ့သို့ ထိုမင်းတို့ကို
ဗြဟ္မာ-ဗရမ္မာ-ဗမာမင်းကြီးများဟုသာ ညွှန်းဆိုပြသနေသည်
မဟုတ်ပါလော၊ ပြည်တွင်းခေတ်ပြိုင်မှတ်တမ်းများ ညွှန်းဆိုပြသ
နေသကဲ့သို့ ပြည်ပခေတ်ပြိုင်မှတ်တမ်းများကလည်း သရေခေတ္တရာ
နိုင်ငံနှင့် လူမျိုးကို “ဗြဟ္မာ-ဗရမ္မာ-မရမ္မာ-ပျူ” ဟု ညွှန်းဆိုပြသနေသည်
မဟုတ်ပါလော။
ပြည်ပခေတ်ပြိုင်မှတ်တမ်းများက ဘီစီ ၂ ရာစု သရေခေတ္တရာခေတ်
ဗမာနိုင်ငံနှင့် အေဒီ ၃ ရာစု မှ အေဒီ ၁၀ ရာစု ပုဂံဗမာနိုင်ငံတို့သည်
မြောက်ဘက်တွင် ယူနန်၊ တောင်ဘက်တွင် ပင်လယ်အထိ နယ်မြေ
အကျယ်အ၀န်းရှိကြောင်း ညွှန်းဆိုပြသသကဲ့သို့ သရေခေတ္တရာခေတ်
မြန်မာနိုင်ငံအကျယ်အ၀န်းကို အတိတျာမင်းကျောက်အရိုးအိုးပေါ်တွင်
(သမိုင်းတန်ဖိုးအမြင့်ဆုံး) ကျောက်စာအဖြစ်-
ကဗောတိုင်း (ကဗော်ချိုင့်ဝှမ်းအပါ နယ်)၊ ကတုတိုင်း (ကဒူးနယ်)၊
ကနံးတိုင်း၊ ကလောတိုင်း (ယခုခေတ် ရှမ်းပြည်နယ်တောင်ပိုင်း
ဗောရိသတ် (ညောင်ရွှေ) ပျူမြို့ရှိရာနယ်)၊ ကက္ကူတိုင်း (မွေတော်
ကက္ကူဘုရားများ ရှိရာနယ်)၊ စောတိုင်း (ဘုတလင်သားတို့သည်
(သ)ဗျည်းကို “စ” ဟုအသံထွက်ပြောချက်အရ သော်တိုင်း-ပုဂံ
ဗမာကျောက်စာတို့ပါ သော်တိုင်း)၊ တမ္မတိုင်း (တမ္ပတိုင်း)၊
မက္လိတိုင်း (မကြီးတိုင်း၊ ပုဂံခေတ် ကျောက်စာ မန်ကျည်း
၁၀ တိုက်- နောက်ခေတ် ဗန့်ကျည်ဆယ်တိုက်)၊ ပါဒတိုင်း
(ကျောက်တန်းမြို့နယ်)၊ ဥရုဟိတိုင်း လှည်းကူ ( ယခုခေတ်
လှည်းကူး)၊ က၀တိုင်း၊ ပဂေါတိုင်း (ပဲခူးတိုင်း)၊ ဝေါတိုင်း (ဝေါနယ်)၊
တက္လခ္ဃတိုင်း (တိုက်ကုလား သထုံတိုင်း)၊ တက္ဗေားတိုင်း
(တကွာပတိုင်း)၊ ပြတိုင်း၊ ကံ္ဃ (ကမ်းယံ)၊ ပဇောတိုင်း (မင်းဘူး ၆ ခရိုင်
ပုဂံခေတ် ပူဇော်တိုက်(၀ါ) ပုစောတိုင်)၊ ယ္ခက္ဂတိံ (ယခ္ခတိုင်း (၀ါ)
ဘီလူးကျွန်း၊ သံလွင်)၊ ပသူးတိုင်း (ပသျှူးနယ်) ဟု ရေးထိုးပါရှိသည်
မဟုတ်ပါလော။
အင်္ဂလိပ်လက်ထက်မတိုင်ခင် မြန်မာသည် ပျူမဟုတ် ဟူသော
အယူအဆ မရှိချေ။ သရေခေတ္တရာဗမာတို့ကို ပုဂံခေတ်ဗမာတို့က
အဘိုးအဘွားများဟုသာ ခေါ်ဆိုကြသကဲ့သို့၊ ပင်းယခေတ်ဗမာများ
ကလည်း အဘိုးအဘွားများဟုလည်းကောင်း၊ ကုန်းဘောင်ခေတ်
ဗမာများကလည်း အဘိုးအဘွားများဟုသာ ခေါ်ဆိုကြသည်
မဟုတ်ပါလော။
မြန်မာသည် ပျူမဟုတ်ဟူသော အထောက်အထားမရှိသည့် အယူ
အဆများကို ကိုင်ဆွဲ၍ လေဖမ်းဒန်းစီး ငြင်းနေသည့်သူများ အများ
အပြားရှိပါသည်။ သို့သော် ထိုသူတို့ဝါဒဖြန့်သကဲ့သို့ မြန်မာ့သမိုင်းသည်
ပျက်စီးသည်မရှိချေ။ သရေခေတ္တရာနိုင်ငံကို တည်ထောင်နေထိုင်
ခဲ့သူများအား ဗြဟ္မာ-ဗရမ္မာ-ဗမာ-ပျူ ဟု အိမ်နီးချင်းနိုင်ငံများ၏
ခေတ်ပြိုင်မှတ်တမ်းများက သိရှိမှတ်တမ်းတင်ထားသကဲ့သို့
လည်းကောင်း၊ မြန်မာ့ရာဇ၀င်များက “ဗြဟ္မာ-ဗရမ္မာ-မရမ္မာ-
မြန်မာ” ဟု မှတ်တမ်းတင်၍ “ဗြဟ္မာ-ဗရမ္မာ-မရမ္မာ-မြန်မာ”
တို့တွင် “ပျူ” ဟူသော အမည်ပွားရှိကြောင်း မှတ်တမ်းတင်
ထားခဲ့သည် မဟုတ်ပါလော။
သရေခေတ္တရာဗိသုကာလက်ရာများသည် ပုဂံဗမာတို့၏
ဗိသုကာလက်ရာနှင့်တူရုံမက ယနေ့ခေတ်ဗမာ့ဗိသုကာ
လက်ရာများနှင့် အတူတူပင်မဟုတ်လော၊ သရေခေတ္တရာ
နိုင်ငံနှင့် လူမျိုးတို့၏ ရိုးရာဓလေ့သည် ယနေ့ခေတ်တိုင်
ဗမာတို့ ဆက်ခံသုံးစွဲလျှက် ရှိကြသည်မဟုတ်ပါလော၊
သရေခေတ္တရာတွေ့ ရှေးအက္ခရာသုံး ကျောက်စာများ၏
မူရင်းအသံထွက်သည် တိုင်းရင်းမြန်မာဝေါဟာရများဖြင့်
ရေးထိုးထားခြင်း မဟုတ်ပါလော။
ထိုသို့ထင်ရှားပေါ်ပေါက်နေသော အထောက်အထား
ပေါင်းစုံတို့ကို မျက်ကွယ်ပြု၍ မြန်မာနှင့် ပျူ လူမျိုးမတူ
ဟူသည့် အယူအဆမှားကို ကိုင်ဆွဲကာ မျက်စိမှတ်ပြောဆို
နေသူများသည် နောက်ကွယ်၌ နိုင်ငံရေးနွယ်သော
လူမျိုးရေးအစွန်းရောက်စိတ်ရှိသူများ ဟုသာ မှတ်ယူ
မိပါသည်။ ထိုသို့သောသူများအတွက်ကား ၎င်းတို့အတ္တ၊
မာန်မာနအတွက် ပူလောင်နေသော်ငြား မြန်မာတို့အဖို့မှာမူ
ပြည်တွင်းပြည်ပခေတ်ပြိုင်အထောက်အထားနှင့် မြေပေါ်
မြေအောက် အထောက်အထားပေါင်းစုံတို့က ပျူသည်
မြန်မာဖြစ်ကြောင်း ထင်ရှားစွာ ပြဆိုနေပါတော့သတည်း။
--------------------------------------------------------
သန့်လွင်ဦး
အမည်ရင်း - ဦးအောင်နိုင်ဦး
သရေခေတ္တရာမြို့ဟောင်း တူးဖော်ရေးအဖွဲ့-အဖွဲ့ဝင်(ငြိမ်း)၊
မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဌာနအဖွဲ့ဝင်