Sunday, August 2, 2015

မစ်သ်(Myth) နှင့် Mythology သဘောတရား (အပိုင်း-၁)


တကောင်းရာဇ၀င်မစ်သ်နှင့် သရေခေတ္တရာ ရာဇ၀င်မစ်သ်များပါ
ကံရာဇာကြီး၊ ကံရာဇာငယ်၊ မောင်တင့်တယ်၊ တကောင်းအိမ်ရှေ့
မင်းသားဟောင်း ခေပဒူတရသေ့ကြီး၊ စူလသဠသမ္ဘ၀၊ မဟာသ
မ္ဘ၀မင်းညီနောင်၊ မဟာသမ္ဘ၀၏သား ဒွတ္တဘောင်မင်းကြီး၊ သရေ
ခေတ္တရာနောက်ဆုံးမင်း သုပညာနာဂရစိန္ဒ တို့၏ အဖြစ်အပျက်
များသည် ရာဇ၀င်ဆရာတို့ ညွှန်းဆိုဖွဲ့နွဲ့ချဲ့ကားရေးသားထား
သည်များကို ဖယ်လိုက်လျှင် မြန်မာ့သမိုင်းခေတ်ဦးကို တိတိ
ကျကျညွှန်ပြနိုင်သည့် အချက်အလက်များ များစွာတွေ့မြင်နေ
ရကြောင်း ဆရာကြီးဒေါက်တာသန်းထွန်း ဆိုခဲ့ပါသည်။ ထိုသို့
ဆရာကြီးဆိုခဲ့ခြင်းသည် mythology (သမိုင်းမစ်သ်များအတွင်း
ပါရှိနေသော သမိုင်းသဲလွန်စများ၊ အထောက်အထားများ၊ သမိုင်း
အဓိပ္ပါယ်များကို လေ့လာဖော်ထုတ်သောပညာရပ်) သဘော
တရားအရ ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။
မြန်မာ့သမိုင်းတင်ခေတ်ဦးကို တိတိကျကျ ညွှန်းဆိုပြသ
နိုင်သည့် ထိုရာဇ၀င်ပါအချက်အလက်များကိုလည်း
စဉ်းစားဆင်ခြင်တွေးခေါ်မှုစွမ်းအား၊ သုတေသနအချက်
အလက်များ၊ ပြည်တွင်းပြည်ပ ခေတ်ပြိုင်အထောက်
အထားများနှင့် ချိတ်ဆက်၍ အဓိပ္ပါယ်ပြန်ဆိုကြည့်ပါက
ရှေးမြန်မာကြီးများ ကြုံခဲ့ဖြတ်သန်းခဲ့ရသော မြန်မာ့
သမိုင်းတင်ခေတ်ဦး တစ်စိတ်တစ်ဒေသကို တွေ့မြင်
နေရပါသည်။
.......................................................................
(သရေခေတ္တရာမစ်သ်အား ပြည်တွင်းပြည်ပခေတ်ပြိုင်
မှတ်တမ်းများ၊ တူးဖော်တွေ့ရှိရသော သုတေသနအချက်
အလက်များ၊ mythology သဘောတရားများနှင့် နှိုင်းယှဉ်
စစ်ဆေးခြင်း)
သရေခေတ္တရာ ရာဇ၀င်မစ်သ်တွင် မဟာသမ္ဘာ၀မင်းကြီး၏ သား
ဒွတ္တဘောင်မင်းကြီး သရေခေတ္တရာမြို့တည်ပုံကို ဤသို့ဖော်ပြ
ထားပါသည် -
“သာသနာတော်သက္ကရာဇ် ၁၀၁ ခုသို့ ရောက်သောအခါ
ဂ၀ံပတေ့၊ ရသေ့၊ သိကြား၊ နဂါး၊ ဂဋုန်၊ စန္ဒီ၊ ပရမေသူရာ
ဤ သူမြတ်ခုနှစ်ယောက်တို့သည် ဘုရားရှင်ဗျာဒိတ်တော်
ရှိသည်နှင့်အညီ မြို့တည်သောအကြောင်းကို ရုံးစုတိုင်ပင်
ညီညွတ်ကြ၍ သာယာညီညွတ်လှသော မြေအပြင်ဝယ်
သိကြားမင်းသည် စက်တိုင်၌ ရပ်၍နေပြီးလျှင် နဂါးကို
စက်ကြိုးပြု၍ လှည့်တော်မူ၏။”
“သိကြားမင်းသည် မြို့တည်မည့်နေရာ၏ ဗဟိုချက်မတွင်
ရပ်၍ နဂါးအမြှီးကို ကိုင်ထားပေးပြီး နဂါးသည် ကိုယ်အ
လျားကိုဆန့်၍ မြို့တည်ရန် မြေအ၀န်းကို လှည့်ပတ်ပြသည်။
ထိုသို့နဂါးလှည့်စဉ် မြောက်ဘက်အရပ်၌ နဂါးသည် ဂဋုန်နှင့်
တွေ့၍ထိတ်လန့်ကာ ၃ ကြိမ်တွန့်သည်။ ယင်းနဂါးတွန့်ရာ
၃ ခုအတိုင်းမြို့ရိုးကို လိုက်၍တည်သည်။”
*ဒွတ္တဘောင်မင်းကြီး မြို့တည်မည့်အကြောင်းကို ရုံးစု
တိုင်ပင်သည့် ဂ၀ံပတေ့၊ ရသေ့၊ သိကြား၊ နဂါး၊ ဂဋုန်၊
စန္ဒီ၊ ပရမေသူရာ သူမြတ်ခုနှစ်ယောက်ဟု ညွှန်းဆိုခြင်း၌
အရှင်ဂ၀ံပတေ့၊ သိကြား၊ ရသေ့ ဟူသော ဗုဒ္ဓဘာသာ
သင်္ကေတတို့အရ ဒွတ္တဘောင်မင်းကြီး တည်သောမြို့သည်
ဗုဒ္ဓဘာသာမြို့ကြီးဖြစ်ကြောင်း၊ မင်းနှင့်ပြည်သူတို့သည်
ဗုဒ္ဓဘာသာဝင်များဖြစ်ကြောင်း ညွှန်းဆိုပြသနေခြင်းပင်
ဖြစ်ပါသည်။ စန္ဒီ၊ ပရမေသူရာ ဟူသော သင်္ကေတတို့မှာ
ဗြဟ္မဏပုဏ္ဏား ဗေဒင်ဟူရားဆရာကြီးများလည်း အခါပေး
တွက်ချက်ရာတွင် ပါဝင်ရကြောင်း၊ ရွှေနန်းတော်၊ မြို့၊ ကျုံး
၃ ဌာနကို ပန္နက်ရိုက်ရန် သာသနာတော် (၁၀၁)ခု၊ တန်ခူး
လဆန်း (၁)ရက်၊ တနင်္ဂနွေနေ့၊ နက္ခက် ၂၆ လုံး၊ နေထွက်
တပြူဟူသော အခါတော်ကို ဗေဒင်ပညာဖြင့် တွက်ချက်
ပေးရခြင်းဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်ပါသည်။*
*ထိုသို့ ဒွတ္တဘောင်မင်းကြီး တည်ထောင်ခဲ့သော သရေ
ခေတ္တရာပြည်ကြီးသည် ထေရ၀ါဒဗုဒ္ဓဘာသာ မင်းနေ
ပြည်ကြီးဖြစ်ကြောင်းကိုမူ တူးဖော်တွေ့ရှိရသော ထေရ
ဝါဒဗုဒ္ဓဘာသာ အထောက်အထားပေါင်းစုံတို့က ညွှန်းဆို
ပြသထောက်ခံလျှက်ရှိပါသည်။ သရေခေတ္တရာမြို့တော်
ကြီးသို့ဝင်ရောက်ရာ အနောက်ဘက် “ရွှေတံခါး” (ခေါ်)
မြို့တံခါးအ၀င်အ၀တွင် ရေးထိုးထားသော မင်္ဂလသုတ်
တော်ကျောက်စာတိုင်၊ မောရသုတ်တော်ပါဠိတော်
ကျောက်စာတိုင်များ၊ သရေခေတ္တရာတွေ့ ဗုဒ္ဓရုပ်ပွား
ဆင်းတုတော်များ၊ သရေခေတ္တရာမင်းနှင့်ပြည်သူတို့
အမြတ်တနိုးတန်ဖိုးထား၍ ငွေဒင်္ဂါးများ၊ ဗိသုကာအ
ဆောက်အဦးများတွင် ရည်ညွှန်းပုံဖော်သုံးစွဲသော
သီရိဝစ္ဆ(ဗုဒ္ဓအိမ်မွန်)အမှတ်အသားများနှင့် ပိဋိကတ်
သုံးပုံကောက်နှုတ်ချက်များက အတည်ပြုထောက်ခံလျှက်
ရှိပါသည်။*
*မြို့တည်မည့် နေရာ၌ သိကြားရပ်သည် ဆိုသည်မှာ
ရွေးချယ်ထားသော မြို့တည်မည့်နေရာ၌ သောကြာနာမ်
သစ်သားတိုင်ကို စိုက်ထူးခြင်းဖြစ်ပါသည်။ နဂါးဆိုသည်မှာ
စနေနံ နွားသားရေကြိုးကို ဆိုလိုခြင်းဖြစ်ပြီး နဂါးအမြှီးကို
သိကြားက ကိုင်ထားသည်ဆိုသည်မှာ သစ်သားတိုင်တွင်
နွားသားရေကြိုးကို ချည်နှောင်ထားခြင်းဖြစ်ပါသည်။
ဂဋုန်ဆိုသည်မှာ တနင်္ဂနွေနံ အင်း ကိုဆိုလိုခြင်းဖြစ်ပြီး
နဂါးသည် ဂဋုန်နှင့်တွေ့ရာ လန့်ဖြန့်ပြီးတွန့်သဖြင့် ယင်း
နဂါးတွန့်ရာအတိုင်း မြို့ရိုးတည်သည်ဆိုသည်မှာ မြို့၏
မြောက်အရပ်၌ တနင်္ဂနွေနံ အင်းကြီးရှိသဖြင့် ယင်းအင်း
ကြီး၏ကမ်းသည် တဖြောင့်တည်းမရှိဘဲ ကွေ့ကောက်နေရာ
မြို့ရိုးကို အင်းကမ်းပါးစပ်အတိုင်းလိုက်၍ တည်ထားခြင်း
ဖြစ်ပါသည်။ မှန်ကန်ကြောင်းကိုလည်း ယနေ့ခေတ်အထိ
ကြွင်းကျန်နေသော မြောက်ဘက်မြို့ရိုးကြီးတစ်လျှောက်
၃ နေရာကွေ့ဝိုက်သွားကြောင်းနှင့် မြို့တံခါး မြောက်ဘက်
နဂါးတွန့်တံခါးအပြင်ဘက်တွင်အင်းကြီးကို တွေ့မြင်ရ
ပါသည်။*
“ဒွတ္တဘာင်မင်းကြီးအား သိကြားမင်းသည် လက်တော်
မ လျှက် နန်းတင်သည်” ဟူသော ရေးဖွဲ့ပြောဆိုချက်မှာ
*ဓာတ်ရိုက်ဓာတ်ဆင် ဗေဒင်ဟူးရားသဘောအရ သောကြာ
သားတစ်ဦးက ဒွတ္တဘောင်မင်းကြီးကို နန်းတက်ရာ၌
လက်တွဲ၍ တင်ပေးရခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။*
“ဒွတ္တဘောင်မင်းကြီးသည် ဘုန်းကြီးသောမင်းဖြစ်၍
နင်းတိုင်းလှမ်းတိုင်း မြေကြီးတို့ ကျွံနစ်ကုန်၏။ သိကြား
မင်းသည် မိမိတန်ခိုးအာနုဘော်အားဖြင့် လှမ်းတိုင်း
လှမ်းတိုင်းသောအခါ သံမှိုခံပေး၏။” ဟူသော ရေးဖွဲ့
ချက်မှာ- *သရေခေတ္တရာမြို့တည်ရာအရပ်သည်
ထိုစဉ်က ငလျင်တော်လဲ မကြာခဏလှုပ်သောအရပ်
ဖြစ်ကြောင်း ညွှန်းဆိုပြသခြင်းဖြစ်ပြီး၊ ဧရာဝတီမြစ်၏
အရှေ့ဘက်ကမ်း၊ ဧရာဝတီမြစ်နှင့် ပဲခူးရိုးမအကြား
တွင်တည်ရှိသော သရေခေတ္တရာမြို့ကြီးသည် ပဲခူး
ရိုးမပြတ်ရွှေ့ကြော(ငလျင်ကြော)နှင့် နီးကပ်စွာတည်ရှိ
နေသည် မဟုတ်ပါလော။ ထိုသို့ မကြာခဏ ငလျင်လှုပ်
လေ့ရှိသော မြို့ကြီးတွင် ဓာတ်ရိုက်ဓာတ်ဆင်သဘောအရ
သိကြား ဟူသော သောကြာနာမ်နှင့်ထပ်တူ သံမှို/သံဆူး
ကြီးများ ရိုက်သွင်းပေးထားရကြောင်းဆိုလိုခြင်းဖြစ်ပါသည်။
မှန်ကန်ကြောင်းကိုလည်း သရေခေတ္တရာမြို့ဟောင်းအတွင်း
နေရာအနှံ့အပြား ရိုက်သွင်းထားသော တစ်လံမှ နှစ်လံခန့်
ရှိသည့် သံဆူးကြီးများကို တူးဖော်တွေ့ရှိရပါသည်။*
“ဇမ္ဗူဒီပါကျွန်းမှစ၍ အသူရာပြည်၊ နဂါးပြည်တိုင်အောင်
ဇမ္ဗူအောင်လက်နက်နိုင်ငံဖြစ်၍ အခွန်ခံတော်မူ၏။ အခွန်
ခံသောအကြောင်းကား အထူးထူးသောအမှာစာတို့ကို
စီလျဉ်ရေးစေပြီးသော် လှံပျံတွင်ဆွဲပြီးမှ လှံထိုးတောင်သို့
တက်တော်မူ၍ မင်းကြီးလက်တော်ဖြင့် ထိုးသည်ရှိသော်
ဆိုခဲ့ပြီးသော မင်းတို့၏ ဦးခေါင်းထက်၌ ကျအံ့သကဲ့သို့
တည်လေ၏။ ထိုအခါ ထိုသို့ မင်းတို့သည် သာယာ
ချေငံသောစကားဖြင့် ခယရိုသေစွာ ကျိုးနွံ၍ အထူး
ထူးသော ပူဇော်သက္ကာယတို့ကို ပြုပြီးမှ လှံပျံသွား
သောဟူ၏။ ခေါင်းလောင်းကြီး၊ စည်ကြီးတို့ဖြင့်
အခွန်ခံသောအခါလည်း ဤကဲ့သို့ တစ်ချက်ခတ်
တီးသည်ရှိသော် ထိုထိုသို့သော လူမင်း၊ နတ်မင်း၊
နဂါးမင်းတို့၏ နားရင်း၌ တီးဘိသကဲ့သို့ ထိုအသံ
တို့သည် တည်လေ၏။ ထိုထိုသို့သောမင်းတို့သည် ရိုသေ
ခယသောစကားဖြင့် တောင်းပန်သည်မှ အသံစဲသော
ဟူ၏။”
*ဆိုလိုရင်းမှာ လှံပျံကို မင်းကြီးလက်တော်နှင့် ထိုးသည်
ဆိုခြင်းမှာ ဒွတ္တဘောင်မင်းကြီး၏ အမိန့်အာဏာစက်ဖြင့်
လှံရှည်ကိုင်ခြေလျင်တပ်၊ ဆင်တပ်၊ မြင်းတပ်များဖြင့်
ချီတက်လုပ်ကြံစေခြင်းကို ဆိုလိုပါသည်။ ဒွတ္တဘောင်
မင်းကြီး၏ လက်နက်ကိုင်တပ်များ ချီတက်ဝန်းရံခြင်း
ခံရသော မင်းတို့သည် အလျှော့ပေးကျိုးနွံသြဇာခံလျှက်
အထူးထူးသော လက်ဆောင်ပဏ္ဏာများဆက်သည့်အခါ
မင်းကြီး၏ လှံရှည်ကိုင်တပ်ဖွဲ့များ နန်းတော်သို့ ပြန်လာ
သည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ ခေါင်းလောင်းကြီး၊
စည်ကြီးတို့ဖြင့် အခွန်ခံသည်ဆိုခြင်းမှာ ရိုသေကျိုးနွံ
သြဇာခံပြီးဖြစ်သော လက်အာက်ခံမင်းတို့ထံသို့မူ
လက်နက်ကိုင်တပ် စေလွှတ်ရန်မလိုဘဲ နှစ်စဉ်
အချိန်မှန် ရာဇတမာန်တော်တို့၏ စည်သံ၊ ခေါင်း
လောင်းသံတို့ပေးပြီး ပဏ္ဏာကောက်ယူကြောင်း
ဆိုလိုခြင်းဖြစ်ပါသည်။*
*ဒွတ္တဘောင်မင်းကြီး သရေခေတ္တရာမြို့တည်ချိန်မှာ
မဇ္ဈိမဒေသ၌ ကာလာသောကမင်းကို အမှီပြု၍
ရှင်မဟာယသ အမှူးရှိသော ရဟန္တာမြတ် (၇၀၀)တို့
ဒုတိယသင်္ဂါယနာတင်ပြီး နောက်တစ်နှစ် (သာသနာ
နှစ် ၁၀၁ ခုနှစ်တွင်ဖြစ်သည်။ မဟာသမ္ဘ၀မင်းကြီး၏
သား ဒွတ္တဘောင်မင်းကြီး (၁၀၁-၁၇၁)လက်ထက်၌
သောကြမ္မာ၊ ညည်းညည်း၊ စည်းစည်း၊ ပေါပေါ၊
လျောလျော၊ မြသီတင် ဟူသော ကောင်းမှုတော်
စေတီ ၆ ဆူမှာ အသောကမင်း တတိယသင်္ဂါယနာ
မတင်ရသေးမှီ တည်ခဲ့သောစေတီများဖြစ်ကြောင်း
သရေခေတ္တရာမစ်သ်များအတွင်းမှ သိရှိရပါသည်။
ထိုအချက်မှန်ကန်ကြောင်းကို ၂၀၀၅ ခုနှစ်ကုန်ပိုင်း
ဘောဘောကြီးစေတီတော်ထိပ်ပိုင်းမှ ပြိုကျသော
ရှေးအုပ်ချပ်ကြီးများပေါ်တွင် ရှေးဗြဟ္မီအက္ခရာ
အုတ်ခဲစာများ၊ လက်ရေးစင်းအုတ်များနှင့်အတူ
တွေ့ရှိရပါသည်။ ထိုအုတ်များပေါ်တွင် ရေးထွင်း
ထားသော ဗြဟ္မီအက္ခရာများသည် အသောက
ကျောက်စာတိုင် ၃၂ တိုင်ပါ ဗြဟ္မီအက္ခရာများနှင့်
ကွာခြားမှုမရှိ ထပ်တူညီပါသည်။ ပညာရှင်များ
အဆိုအရ ဗုဒ္ဓခေတ်ဗြဟ္မီအက္ခရာများနှင့် အသော
ကခေတ်ဗြဟ္မီအက္ခရာများ ကွာခြားမှုမရှိဟု ဆိုခဲ့ရာ
ဘောဘောကြီးစေတီသည် အသောကမင်းမတိုင်မှီ
တည်ခဲ့သောစေတီဖြစ်ကြောင်း လေ့လာတွေ့ရှိရ
ပါသည်။*
-----------------------------------------------------
ဆက်လက်ဖော်ပြပေးသွားပါမည်။


Thant Lwin Oo

No comments:

Post a Comment