Friday, February 19, 2016

“တိဿ ဓမ္မသီဟရာဇာ ဒွတ္တပေါင်မင်းကြီး” (သို့မဟုတ်) “စိဇ္ဇာနာဂ သူရိယစန္ဒာဒွတ္တပေါင်မင်းကြီး” ၏ သာသနာပြုကောက်ကြောင်းများ အနှစ်ချုပ် (၂)




“တိဿ      ဓမ္မသီဟရာဇာ ဒွတ္တပေါင်မင်းကြီး” (သို့မဟုတ်) “စိဇ္ဇာနာဂ
သူရိယစန္ဒာဒွတ္တပေါင်မင်းကြီး” ၏ သာသနာပြုကောက်ကြောင်းများ
အနှစ်ချုပ် (၂)
..................................................................................
*မုတ္တမရာဇ၀င်ပေါင်းချုပ် ကျမ်းကြီးတွင် ပထမသထုံမြို့ကြီးသည်
အင်္ကုရမင်းလက်ထက်တွင် ပျက်ကြောင်း၊တွတ်တော် မင်းသား
ညီနောင် ကျန်ကြောင်း၊ ညီတော်မင်းသား ဥဒိန္ဒရာဇသံဝေသည်
ပထမ မုတ္တမမြို့ဟောင်းကိုတည်ထောင်ကြောင်း၊ ယင်း ဥဒိန္ဒ
ရာဇသံဝေ မင်းသားသည် ပထမဦးသထုံမင်းကြီး တိဿဓမ္မ
သီဟရာဇာဒွတ္တပေါင် ပျူမင်းကြီး၏ တွတ်တော် မင်းသားညီနောင်
အနက် အငယ်ဖြစ်ကြောင်း ဖော်ပြထားသည်။*
*တရုတ်နန်းတော်မှတ်တမ်း ထန်မှတ်တမ်းတွင်လည်း
မုတ္တမပျူမြို့ ဟု ဖော်ပြထားသည်။*
*ပထမသထုံမင်းကြီး ဒွတ္တပေါင်မျိုးရိုးမှ တွတ်တော် အင်္ကုရမင်း
လက်ထက် ပထမသထုံမြို့ကြီး မြေမြိုပျက်စီးကြောင်း၊ ဖအေတူ
မအေကွဲ တွတ်တော် မင်းသားညီနောင်အနက် နောင်တော် ဥပ
ဒေ၀ရာဇသံဝေ မင်းသားသည် မြို့ဟောင်းရာ၏ တောင်ဘက်တွင်
သုဓမ္မပူရမြို့ကို တည်ထောင်နန်းစံကြောင်း သထုံရာဇ၀င်ပေါင်းချုပ်
ကျမ်းကြီးတွင် ပြဆိုသည်။*
*ဥပဒေ၀မင်း ကံကုန်ပြီး ထိုမင်း၏ သားတော် ရာဇာစောနီသည်
နေရာရွှေ့ပြောင်း၍ ဘီးလင်းမြစ်ဝကျွန်းငယ် ၅ ခုကို ပေါင်း၍
တတိယမြို့ မရိဿဘူမိသုဓမ္မ၀တီ ဟု တည်သည်။ ၃ နှစ်တိုင်အောင်
မြို့မပြီး။ မင်း ကွယ်လွန်သည်။*
*ယင်း၏သားတော် ရာဇာစောဝေသည် ထိုနေရာကို စွန့်၍ ထိုမြို့မှ
အနောက်မြောက် ရွှေလောင်းအင်းအရပ်တွင် “ဟရိသဘူမိ
သုဓမ္မာဝတီမြို့” ဟု တည်ပြန်သည်။ သာသနာ ၂၀၈ ခုတွင်
ရာဇာစောဝေသည် ရောဂါထူပြောသော ယင်းရွှေအင်းမြို့
ရွှေလောင်းမြို့ကို စွန့်ခွါ၍ တိုက်ကုလားမြို့ဟောင်းနယ်အတွင်း
“သုဝဏ္ဏဘူမိရဌ သုဓမ္မာဝတီ” ဟု မြို့သစ်တည်ပြန်သည်။
တိုက်ကုလား ဟုလည်း ခေါ်ကြ၏။ ပထမ သထုံမင်းကြီးမှ
၁၈ ဆက်မြောက် ယုဂန္ဓာကုမာမင်း လက်ထက်တွင်
တိုက်ကုလားမြို့ကို ပင်လယ်ရေတိုက်စားကာ ပျက်သဖြင့်
မြို့ကိုစွန့်ကာ ဥပဒေ၀ရာဇသံဝေမင်းကြီး တည်ထောင်ခဲ့သော
သုဓမ္မာပူရ မြို့ဟောင်းရာသို့ ပြန်၍ ပြောင်းရွှေ့ပြီးမြို့သစ်တည်
စိုးစံသည်။ သာသနာနှစ် ၄၅၀ ပြည့်နှစ် ဟု ပြဆိုသည်။*
*မုတ္တမရာဇ၀င်ပေါင်းချုပ်ကျမ်းတွင် ပထမမြောက် ယေးမြို့ကို
တနင်္သာရီ ပျူဘုရင်မ တည်ထောင်ခဲ့ကြောင်း၊ ယင်း ယေးပျူမြို့
ပျက်သုန်းတိမ်ကောပြီး နှစ် ရာပေါင်းများစွာ ကြာသောအခါ
မွန်အမတ်ကြီးတစ်ဦးက ပထမယေးမြို့ဟောင်း နေရာတွင်
ယေးမြို့အသစ် တစ်ဖန်ပြန်လည် တည်ဆောက်ခဲ့ကြောင်း
မှတ်တမ်းတင်ပါရှိပါသည်။*
အထက်ပါ ရာဇ၀င်နှင့် ဘုရားသမိုင်းများ အဆိုအရ ပုဂံအနော်
ရထာမင်း မတိုင်ခင် ဘီစီ ၆ ရာစု၊ အေဒီ ၁၀ ရာစု အတွင်း
တောင်ပိုင်းကမ်းရိုးတန်းတွင် သထုံ တိဿဓမ္မသီဟရာဇာ
ဒွတ္တပေါင်မင်းဆက် (၀ါ) သထုံ ဒွတ္တပေါင်ပျူအုပ်စုမှ
တည်ထောင်ခဲ့သော သထုံ၊ ပါဒ၊ ပဲခူး၊ မုတ္တမ ရှေးပျူမြို့များ၊
တနင်္သာရီဘုရင်မ တည်သော ယေးပျူမြို့၊ မှော်ဇာပျူအုပ်စုဝင်
ပေါက္ခရ၀တီ(တွံတေး)ပျူမြို့ စသည်တို့ ရှိကြောင်းသိရပါသည်။
*ပျူရာဇ၀င် ၁၂ စောင်တွဲတွင် အေဒီ ၉ ရာစု ပျဉ်ပြားမင်း မတိုင်ခင်
ရှေးခေတ်မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသတွင် မွန်လူမျိုးတို့
မရောက်ရှိသေးကြောင်း၊ စတုတ္ထပုဂံမြို့တည် ပျဉ်ပြားမင်းလက်ထက်တွင်
တစ်ကြိမ်၊ အေဒီ ၁၁ ရာစု အနော်ရထာမင်း လက်ထက်တွင် တစ်ကြိမ်
မွန်တို့ အမြောက်အမြား ပြောင်းရွှေ့ဝင်ရောက်လာကြောင်း ဖော်ပြ
ထားသည်ဟု ဆရာ ဦးသက်တင် ကောက်နှုတ်ဖော်ပြခဲ့ပါသည်။*
*တရုတ်မှတ်တမ်းများအရ ဒွါရာဝတီနိုင်ငံမှ မွန်တို့သည် အရှေ့ဘက်မှ
ခမာစစ်ဆင်မှု၊ တောင်ဘက်မှ ဂျာဗားရေတပ်စစ်ဆင်မှုများနှင့် ကြုံတွေ့
ဒုက္ခရောက်ကြောင်း၊ အေဒီ ၁၁ ရာစု အနော်ရထာမင်းလက်ထက်
လင်ဖွန်းမြို့မှ မွန်တို့ မြို့လုံးကျွတ် ပုဂံနိုင်ငံသို့ ရွှေ့ပြောင်းခိုလှုံလာကြောင်း
ဦးနိုင်ပန်းလှ ဆိုခဲ့ပါသည်။*
*လက်တွေ့အားဖြင့်လည်း တောင်ပိုင်းကမ်းရိုးတန်းဒေသ ရှေးမြို့ဟောင်း
နေရာများတွင် ဘီစီ ၆ ရာစု မှ အေဒီ ၁၀ ရာစုကာလ ပျူစဥ့်စာ၊ ပျူအုတ်ခဲစာ၊
ပျူခေတ်စေတီ၊ ပျူခေတ်ဗုဒ္ဓရုပ်ပွားများ၊ ပျူခေတ် အုတ်ခွက်ဘုရားများ၊
ပျူဒင်္ဂါးများ၊ ပျူခေတ်မြို့ရိုးအချို့၊ ပျူကျောက်စာ၊ ပျူအရိုးအိုးများ အပါအ၀င်
အထက်တွင် တင်ပြခဲ့သော ပျူယဉ်ကျေးမှု ပစ္စည်းမျိုးစုံတို့ကို ခေတ်ပြိုင်
အထောက်အထားများအဖြစ် မြေပေါ်မြေအောက်တို့တွင် ထင်ရှားစွာ
တွေ့မြင်ရလျှက် ရှိပါသည်။*
*သို့သော် အနော်ရထာမင်း မတိုင်ခင် ဘီစီ ၆ ရာစု - အေဒီ ၁၀ ရာစု ကာလ
မွန်ယဉ်ကျေးမှု အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိသေးပါ။*
*မြန်မာနိုင်ငံရှေးဟောင်းသုတေသန ဦးစီးဌာနသည်လည်း သံလျင်၊ ပါဒ၊
ကျိုက္ကသာ၊ အယ(က်)သမ -၀င်းက(ဘီးလင်းနယ်)၊ သထုံနယ်များတွင်
တတ်အားသမျှ သုတေသန ပြုခဲ့ ပြုဆဲရှိပြီး အနော်ရထာမင်း အေဒီ ၁၁
ရာစုမတိုင်ခင် မွန်ယဉ်ကျေးမှုပစ္စည်း အထောက်အထား တွေ့ရှိသည်ဟု
မကြားသိရသေးပါ။*
*ကွမ်းဆိပ်ပျူကျောက်စာ အပါအ၀င် အနော်ရထာထက် စောသော
ပျူယဉ်ကျေးမှု အထောက်အထားတစ်ချို့ကို မြေပေါ်၊ မြေအောက်တွင်ပါ
အထင်အရှားတွေ့မြင်ခဲ့ကြပါသည်။ ကမ်းရိုးတန်းဒေသ မွန်ယဉ်ကျေးမှု
အထောက်အထား တွေ့ရသည်တို့မှာ အနော်ရထာမင်းခေတ်မှ
နောက်ပိုင်းကာလ၀င် ပစ္စည်းများသာ ဖြစ်ပါသည်။*
*ဆရာ မိုက်ကယ်အောင်သွင် (ပါမောက္ခ ၊ သမိုင်း ၊ ဟာဝိုင်ယီတက္ကသိုလ်)က
မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသရှိ မြို့ရွာတို့၏ မွန်အမည်များမှာ
ခေတ်လယ်မွန် (အင်းဝခေတ်၊ ညောင်ရမ်းခေတ်) အေဒီ ၁၅ရာစု ၁၇ ရာစု
မွန်ဘာသာစကား အမည်များသာဖြစ်ပြီး ခေတ်ဟောင်းမွန်အမည်
(အေဒီ ၇ရာစု- ၁၄ ရာစု)အမည်များ မဟုတ်သော အချက်အရ
တောင်ပိုင်းကမ်းရိုးတန်း မွန်အမည်မြို့ရွာတို့သည် အင်းဝခေတ်ပြိုင်
ရာဇာဓိရာဇ်မင်း ခေတ်အခါ ၀န်းကျင်မှ ပေါ်ပေါက်သော မွန်မြို့ ရွာများ
ဖြစ်ကြောင်း၊ အနော်ရထာမင်း မတိုင်ခင်အောက်မြန်မာနိုင်ငံ ကမ်းရိုးတန်း
ဒေသတွင် (မွန်လူမျိုးမရှိဟု မဆိုလို)၊ မွန်နိုင်ငံ၊ မွန်ဧကရာဇ်မင်း၊ မွန်ယဉ်
ကျေးမှုခေတ်တို့ မပေါ်ပေါက်သေးကြောင်း၊ ယင်းသို့ ပေါ်ပေါက်သည်ဟု
ခေတ်ပြိုင်အထောက်အထားတစ်ခုမှ မတွေ့ရကြောင်း သူ၏ သုတေသန
စာတမ်းတွင် ဖော်ပြထားပါသည်။*
နိဂုံးချုပ်အားဖြင့် ဆိုရသော် အထက်တွင် တင်ပြခဲ့သည့် ဘုရားသမိုင်းများ၊
တောင်ပိုင်းကမ်းရိုးတန်းဒေသမြို့ဟောင်းရာဇ၀င်များသည် အနော်ရထာမင်း
မတိုင်ခင် တောင်ပိုင်းကမ်းရိုးတန်းဒေသ သထုံ၊ ပါဒ၊ တွံတေးဒွတ္တပေါင်မင်းများ၊
သထုံတိဿဓမ္မသီဟရာဇာ ဒွတ္တပေါင်မင်းဆက်မှ တည်ထောင်သော ကမ်းရိုးတန်း
သထုံပျူအုပ်စုဝင် မြို့များ၊ တနင်္သာရီဘုရင်မ တည်ထောင်ခဲ့သော ယေးပျူမြို့တို့ကို
အထင်အရှား ဖော်ပြသည်မှာ အိန္ဒိယအထောက်အထား၊ တရုတ်အထောက်အထား
များက ဖော်ပြထားသော ပင်လယ်အထိ ကျယ်ဝန်းသည့် ပျူနိုင်ငံ ခေါ် ဗရမ္မာနိုင်ငံ
ခေါ် ပျူမြန်မာနိုင်ငံနှင့် ကိုက်ညီ အကြုံးဝင်နေပါသည်။
ထို့နည်းတူစွာ သထုံဒွတ္တပေါင်မင်းဆက်က တည်ခဲ့သည်ဟု သထုံရာဇ၀င်၊
ပါဒရာဇ၀င်တို့တွင် ဖော်ပြထားသော ဒလတိုင်း၊ ပါဒမြို့၊ ပဲခူးမြို့၊ ဘုရားကြီးတိုင်း၊
တိုက်ကုလားမြို့၊ ဘီလူးကျွန်းတို့ကို သရေခေတ္တရာ အတိတျာမင်းကျောက်အိုးစာတွင်
ဥရုဟိတိုင်းလှည်းကူး၊ က၀တိုင်း၊ တကွာပါတိုင်း တို့နှင့်အတူတကွ ဒလတိုင်း၊ ပါဒတိုင်း၊
ပဂေါတိုင်း(ပဲခူးတိုင်း)၊ ဘုရားကြီးတိုင်း၊ တက္ကလတိုင်း (တိုက်ကုလားတိုင်း)၊
ဘီလူးကျွန်းတိုင်း ဟူ၍ သရေခေတ္တရာနိုင်ငံပိုင် ပျူမြို့ပြတိုင်းများ ဖြစ်ကြာင်း
လေ့လာတွေ့မြင်ရပါသည်။
.............................................................................................
ကျမ်းကိုး (ဘုန်းတင့်ကျော်၊ ဦး၊ ၂၀၁၄၊ မတ်၊ ၃၊ တောင်ပိုင်းကမ်းရိုးတန်း
ဒေသ ပျူစဥ့်စာများ၊ ရန်ကုန်တက္ကသိုလ်၊ ၀ိဇ္ဖာခန်းမ)

No comments:

Post a Comment