Wednesday, September 16, 2015

မစ်သ်(myth) နှင့် mythology သဘောတရား (အပိုင်း-၂)

မစ်သ်(myth) နှင့် mythology သဘောတရား (အပိုင်း-၂)
.........................................................................
ဗုဒ္ဓခေတ် (ဘီစီ ၆ ရာစုနှင့် ၅ ရာစုကြား) ကာလတွင် မြန်မာ
နိုင်ငံအလယ်ပိုင်း သရေခေတ္တရာမြို့တည်မည့် နေရာအနီး
ထိသည် ကမ်းဦးရေတိမ်ပိုင်းဖြစ်ကြောင်း၊ ဧရာဝတီမြစ်ဝ
ကျွန်းပေါ်ဒေသတစ်ခွင် နုန်းအပြည့်မထွန်းသေးကြောင်း၊
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကြီးမှာ အတွင်းပင်လယ်ဟု
တင်စားခေါ်ဝေါ်ရသော ရေပြင်ကျယ်ကြီးရှိနေကြောင်း
သရေခေတ္တရာမစ်သ်၌ မှတ်တမ်းတင်သဲလွန်စများ
ပါရှိပါသည်။

သရေခေတ္တရာမစ်သ်၌ -
“စူဠပုဏ်၊ မဟာပုဏ် လျှောက်တင်သဖြင့် ဂေါတမမြတ်စွာ
ဘုရားသည် ဧရာဝတီမြစ်အနောက်ဘက်ကမ်း သုနာပရန္တသို့
ကြွ၍ စန္ဒကူးနံ့သာကျောင်းသို့ကြွတော်မူသည်။ ပရိသတ်အား
တရားဟောကြားတော်မူပြီးနောက် ဖိုဦးတောင်ဖျားသို့ ကြွတော်
မူသည်။ ဖိုဦးတောင်၏ အရှေ့ဘက်ယွန်းယွန်း သုမုဒြာရေမျက်
နှာထက် နွားချေးခြောက် ပေါလောမျောသည်ကို မြင်တော်
မူ၏။ ထိုအခါ ပွေးငယ်တစ်ကောင်သည် ဘုရားရှင်အား မြေကို
ကော်၍ ပူဇော်ကြောင်း၊ ထိုသို့သောအခါ ဘုရားရှင်သည်
ငါဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် တစ်ရာ့တစ်နှစ်ရောက်သော
အခါ (သရေခေတ္တရာပြည်တည်ရာအရပ်တွင်) ပင်လယ်ခမ်း
ခြောက်အံ့၊ ထိုအခါ ဤအရပ်၌ ပြည်ကြီးဖြစ်၍ ဤပွေးငယ်သည်
မျက်စိသုံးခု၊ အတုမဲ့ဒွတ္တဘောင် ဟူသော အမည်ခံယူ၍ မင်းပြု
လတ္တံ့ ဟု ဗျာဒိတ်ပေးကြောင်း၊ သိကြားမင်းသည် သိလ၀ံဓား
အစရှိသော မင်းမြောက်တန်ဆာငါးပါး၊ ဧကရာဇ်မင်းနှင့်
ထိုက်တန်သော မင်းဆောင် မင်းယောင်၊ မင်းခမ်း မင်းနားနှင့်
ရန်သူအပေါင်းကို နှိမ်နင်းနိုင်စေခြင်းငှာ အရိန္ဒမာလှံ၊ 
ခေါင်းလောင်းကြီး၊ စည်ကြီးများ၊ နာဠာဂီရိဆင်၊ သိန္ဓီမျိုး
ဝလာဟကမြင်း၊ သံတမာန်ရေးရာကျွမ်းကျင်လိမ္မာသော
ဘုန်းပညာအင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ငနီပါး၊ ငရဲကျား၊
ပဉ္စင်းဖြူ၊ ပဉ္စင်းညို၊ အတွင်းပင်လယ်၊ အပြင်ပင်လယ်တို့ကို
ဒွတ္တဘောင်မင်းကြီးဆောင်နှင်းကြောင်း ဖော်ပြထားပါသည်။

*ဆိုလိုရင်းမှာ ဗုဒ္ဓခေတ် ဘီစီ ၆ ရာစုတွင် ဖိုဦးတောင်
အရှေ့တောင်ဘက်ယွန်း၊ သရေခေတ္တရာပြည် နောင်အခါ
တည်မည့်နေရာသည် နွားချေးခြောက်ပေါလောမျောရာ
ကမ်းအနီးရေတိမ်ဒေသဖြစ်ကြောင်း၊ ဘီစီ ၅ ရာစုခန့်တွင်
ရေပြင်ကျယ်ဆုတ်ယုတ်ခြောက်ခန်း၍ ကုန်းမြေပေါ်ကြောင်း၊
ယခုခေတ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနေရာ၌ မြေနုအပြည့်
မထွန်းသေးဘဲ ပဲခူးရိုးမနှင့် ရခိုင်ရိုးမအကြား ဧရာမခေါင်း
လောင်းပုံ ပင်လယ်ဝကြီး (ခေါ်) အတွင်းပင်လယ်အဖြစ်
တည်ရှိနေကြောင်း ဆိုလိုခြင်းဖြစ်ပြီး၊ ပဉ္စင်းဖြူ၊ ပဉ္စင်းညို
တို့နှင့် သံတမာန်စေခြင်းဆိုသည်မှာ ဘီစီ ၅ ရာစု သရေ
ခေတ္တရာပြည်ကြီးသည် စိန့်တိုင်း (ခေါ်) တရုတ်၊ မာဂဓ
တိုင်း (ခေါ်) ရှေးအိန္ဒိယတိုင်းတို့နှင့် အဆက်အသွယ်ရှိ
ခဲ့ကြောင်း ဆိုလိုရင်းဖြစ်ပါသည်။ ဘီစီ ၂ ရာစု၊ ဟန့်မင်း
ဆက်ခေတ်၊ တရုတ်အမတ်ကြီး ချန်ချိယင်၏ မှတ်တမ်း၌
ဟန့်နန်းတော်က ဗရမ္မာဟုလည်းခေါ်၊ ပျူဟုလည်းခေါ်သော 
မြန်မာနိုင်ငံ၏ တောင်ဘက်၊ ဧရာမခေါင်းလောင်းပုံ ပင်လယ်
ဝကြီးထိပ်ဘက်၌ ပျူ ခေါ် ဗရမ္မာတို့ အိန္ဒိယသို့သွားသော
ပင်လယ်ဆိပ်ကမ်းမြို့ကြီးတည်ရှိနေကြောင်း ဖော်ပြချက်က
ရှေးတရုတ်တို့နှင့် ရှေးအိန္ဒိယသားတို့ကြား သရေခေတ္တရာခေတ်
ပျူ ခေါ် ဗရမ္မာတို့ ကူးလူးဆက်သွယ်မှု ကောင်းစွာရှိနေကြောင်း
ထင်ရှားစွာထောက်ခံနေခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံအလယ်ပိုင်း
တောင်သမာန်အင်းစပ်မှ ဘီစီ ၇၀၀ - ၂၀၀ ဟု သက်တမ်းစစ်
သိရှိရသော ကျောက်ခေတ်နှောင်းနှင့် သံခေတ်လူနေဒေသ
ကျေးရွာဟောင်း၌ တွေ့ရှိရသည့် ဘီစီ ၅ ရာစု အွန်နစ်ပုတီး
စေ့များကလည်း ဘီစီ ၅ ရာစုတွင် အိန္ဒိယတိုက်ငယ်နှင့်
မြန်မာနိုင်ငံကြား ကူးလူးဆက်သွယ်မှုရှိနေကြောင်း
ထင်ရှားစွာထောက်ခံလျှက်ရှိပါသည်။*

သမိုင်းမှန်၊ သမိုင်းအမှန်တရားဆိုသည်မှာ ကျောက်စာများ၊
သစ်ထွင်းစာများ၊ မြေသားအတွင်းမှ ရှေးဟောင်း အကြွင်းအကျန် 
ရုပ်ဝတ္တုပစ္စည်း၌သာ ရှိခြင်း၊ တွေ့ရခြင်းမျိုးမဟုတ်ဘဲ။ ရှေးကာလ
ကတည်းက အသက်ရှင်သော လူက အသက်ရှိသော လူကို 
ဘိုးစဉ်ဘောင်ဆက် သားစဉ်မြေးဆက် လက်ဆင့်ကမ်း ပြောပြ
ပေးအပ်သဖြင့် သွေးသားခန္ဓာထဲတွင် လတ်လတ်ဆက်ဆက် 
ရှင်သန် ထင်ကျန်နေသည့် အမှန်တရားမျိုး (သမိုင်းမှန်မျိုး) 
သည်လည်း ရှိနေပါသည်။ ထိုသို့သောဖြစ်စဉ်များကို ကဗျာများ၊
လင်္ကာများ၊ ဘုန်းတော်ဘွဲ့များ၊ ဧချင်းများဖြင့် သီကုံးဖွဲ့နွဲ့က
ပေထက်အက္ခရာ၊ ကျောက်ထက်အက္ခရာတင်ကြသကဲ့သို့
ပါးစပ်မှတဆင့် သားစဉ်မြေးဆက် အဆက်ဆက်တိုင်အောင်
လက်ဆင့်ကမ်းခဲ့ကြသည်မျိုးလည်းရှိပါသည်။ ယခုအမြင်ဖြင့်
မကိုက်ညီသောကြောင့် ပယ်သည်ဟုဆိုခြင်းထက် တွေ့ရှိ
ရသောမြေပေါ်မြေအောက်သုတေသနအထောက်အထား
များဖြင့်လည်းကောင်း၊ ပြည်တွင်းပြည်ပခေတ်ပြိုင်မှတ်တမ်း
များဖြင့်လည်းကောင်း တိုက်ဆိုင်စစ်ဆေး၍ mythology 
သဘောတရားအလုပ်လုပ်ပုံအတိုင်း ကောက်ချက်ချအဖြေရှာ
ကြည့်ပါမူ ရှေးဦးမြန်မာကြီးများ၏ သမိုင်းဝင်အဖြစ်အပျက်
များကို စိတ်ဝင်စားဖွယ်ရာ တွေ့ရှိရလျှက်ရှိပါသည်။

ပုဂံရာဇ၀င်၌ ပျူစောထီးခေတ်ပုဂံပြည်ကြီးကို ကျားကြီး၊
ဝက်ကြီး၊ ငှက်ကြီး၊ ရှုးပျံကြီးတို့က နှောင့်ယှက်ဖျက်စီးကြသဖြင့်
ပျူစောထီးက တိုက်ခိုက်နှိမ်နှင်းရကြောင်း ဖော်ပြပါရှိပါသည်။
ထိုသို့သော ဒဏ္ဍာရီလာညွှန်းဆိုသီကုံးထားသည့် ရာဇ၀င်အချက်
အလက်များကို ခေတ်ပြိုင်ပြည်တွင်းပြည်ပမှတ်တမ်းများနှင့်
တိုက်ဆိုင်စစ်ဆေးကြည့်သောအခါ အနောက်အရပ်မှ ငှက်ကြီး
ဆိုသည်မှာငှက်ကဲ့သို့ နှာခေါင်းကောက်ကောက်ပုံသဏ္ဍာန်ရှိသည့်
အိန္ဒိယမှ စောဠုကုလားရေတပ်ကြီး၏ ရန်စစ်ရောက်ကြောင်းကို
ညွှန်းဆိုထားခြင်းသာဖြစ်ပါသည်။ ကျားကြီးဆိုသည်မှာ တရုတ်
ရန်စစ်ရောက်ကြောင်းကို ဆိုလိုခြင်းဖြစ်ပြီး ရှေးတရုတ်တို့၏
အမြတ်တနိုးကိုးစားသည့် နာမ်စားမှာ ကျားဖြစ်သည်။ တရုတ်
ရန်စစ်ရောက်ကြောင်းကိုမူ အေဒီ ၂၂၆ တရုတ်နန်းတော်မှတ်
တမ်းများက တိတိကျကျဖော်ပြလျှက်ရှိပါသည်။ 

ဗူးရိုင်းတို့၏ရန်ကျရောက်သည် ဆိုသည်မှာ ပထမခမာအင်ပါယာ
ဖြစ်သည့် ဗူးနမ် (ခေါ်) ဖူနမ်အင်ပါယာတည်ထောင်ခဲ့သည့် စဒုံး
လူမျိုးတို့၏ ရန်စစ်ရောက်ကြောင်းကို ဆိုလိုခြင်းဖြစ်ပါသည်။
အေဒီ ၂ ရာစု၌ အလွန်အင်အားကြီးမားသော ပထမခမာအင်ပါ
ယာစစ်တပ်ကြီးသည် အရှေ့တောင်အာရှတစ်ခွင် လှည့်လည်
စစ်ပြုသောမှတ်တမ်းရှိနေပါသည်။ ထို ဗူးနမ်စစ်တပ်ကြီးမှ
ရန်ပြုသဖြင့် ပြည်သူအများ ထွန်ယက်စိုက်ပျိုး၍မရလောက်
အောင်အကျပ်အတည်းတွေ့ရသဖြင့် ပျူစောထီးဘုရင်ကြီးက
တိုက်ခိုက်နှိမ်နင်းရကြောင်း ဆိုလိုရင်းဖြစ်ပါသည်။ ယခုတိုင် 
ပုဂံနှင့် ခြောက်မြို့သွားလမ်းအကြား၌ စေတီဘုရားတစ်ဆူ
တည်ထားလျှက်ရှိသည်ကို တွေ့မြင်ရပြီး ထိုဘုရားကို ဗူးလူး
ဘုရားဟု ခေါ်ဆိုကြသည်မဟုတ်ပါလော၊ ထိုနေရာသည်
ပျူစောထီးနှင့် ဗူးနမ်စစ်သူကြီးတို့၏ စီးချင်းထိုးသည့်နေရာ
ဖြစ်ပြီး ဗူးနမ်စစ်သူကြီး ကျဆုံးခဲ့ရာနေရာဖြစ်သောကြောင့်
ဗူးလူးဘုရားဟု အောင်စေတီတည်ထားခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့၏ သွေးသားထဲ၌ ကျွန်ုပ်တို့၏ဘိုးဘေးများက အစဉ်
အဆက်လက်ဆင့်ကမ်းခဲ့သော မစ်သ်များရှိနေသည်။ ထိုမစ်သ်
များကို မှန်ကန်စွာအဓိပ္ပါယ်ဖွင့်ဆိုရန်မှာ မြေပေါ်မြေအောက်
အထောက်အထားများနှင့် ပြည်တွင်းပြည်ပခေတ်ပြိုင်မှတ်တမ်း
များကို လေ့လာရန်လည်းလိုအပ်သည်ဟု ယူဆမိပါသည်။
ပြည်တွင်းပြည်ပခေတ်ပြိုင်မှတ်တမ်းများနှင့်အတူ အစဉ်အဆက်
လက်ဆင့်ကမ်းခဲ့သော မစ်သ်များကိုလည်းပစ်ပယ်ထား၍
မသင့်ချေ။

ဥပမာဆိုရပါမူ တွံတေးတောကြီးတန်းတစ်ဝိုက်၌ တောင်သူ
တချို့စိုက်ပျိုးသော အလွန်ဘုန်းကြီးသည့် အပင်တစ်မျိုး
ရှိသည်။ ထိုအပင်ကိုစိုက်သူသည် သီလမြဲရသည်။ အပင်
ကိုယ်ထည်သို့ ရွှေအစစ်သွင်း၍ စိုက်ပျိုးရသည်ဟုဆိုသည်။
ထိုအပင်ကို “ဒွတ္တဘတ်ပင်(ဒွတ္တဘောင်ပင်)” ၊ ထိုအပင်မှ
သီးသောအသီးကို “ဒွတ္တဘတ်သီး (ဒွတ္တဘောင်သီး)” ဟု
ယနေ့တိုင် ခေါ်ဆိုကြပါသည်။ သရေခေတ္တရာ ပျူဗရမ္မာ
မင်းကြီး ဒွတ္တဘောင်စားသုံးသော အပင်ဖြစ်ကြောင်း
ယနေ့တိုင် ဂုဏ်ယူဝင့်ကြွားစွာ လက်ဆင့်ကမ်းပြောဆိုလျှက်
ရှိကြသည်မဟုတ်ပါလော။ ယနေ့မြန်မာနိုင်ငံတ၀ှမ်းသည်
ရှေးနှစ်ပေါင်း ၂၀၀၀ကျော်ကတည်းက ရှေးဦးမြန်မာဘိုးဘေး
များ၏ ဘူမိနတ်သန်နေရာမှန်ဖြစ်ကြောင်း ထိုသို့သောမစ်သ်များ၊
ခေတ်ပြိုင်မှတ်တမ်းများက ညွှန်ပြနေသည်မဟုတ်ပါလော။

တူးဖော်သုတေသနပြုသူဖြစ်စေ၊ စာဖတ်သူသက်သက်ဖြစ်စေ
အတွေးဖွင့်ထားရန် လိုအပ်သည်ဟု ယုံကြည်မိပါသည်။တွေ့ရှိ
သည့်အထောက်အထားများ၊ ဖတ်မှတ်သည့်စာပေများကို
ရှိရင်းစွဲ ခိုင်မာသည့်မစ်သ်များဖြင့် နှိုင်းယှဉ်လေ့လာရင်း
ဆက်လက်ဖော်ထုတ်ရန်ရှိနေသည့် မစ်သ်များအတွင်းပါ
သမိုင်းဖြစ်ရပ်မှန်များကို ဖော်ထုတ်နိုင်ကြပါစေကြောင်း
မိတ်ဆွေအများသို့ ဆန္ဒပြုတင်ပြလိုက်ရပါသည်။

Thant Lwin Oo
16.9.2015

No comments:

Post a Comment