Wednesday, July 29, 2015

``ပျူစစ်လျှင်မြန်မာ´´


“ပျူစစ်လျှင် မြန်မာ” ဟူသည့် ပုဂံရာဇ၀င်ကြီးပေမူပါ ရှေးမြန်မာဆိုရိုးစကားအား ခေတ်ပြိုင်အထောက်အထား
များနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ခြင်း
-----------------------------------------------------
ရန်ကုန်မြို့၏ မြောက်ဘက်ကားလမ်းအတိုင်း မိုင်
(၁၉၀)အကွာရှိ ပြည်မြို့၏ အရှေ့ဘက် (၅)မိုင်ခန့်
အကွာအဝေးတွင် တည်ရှိသောမြို့ဟောင်းကြီးတစ်ခု၊
ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း၊ ဧရာဝတီမြစ်နှင့် ပဲခူး
ရိုးမအကြားတွင် တည်ရှိသည့် မြန်မာ့မြို့ဟောင်းကြီး
တစ်ခု၊ အရှေ့တောင်အာရှကုန်းမကြီးပေါ်၌ တည်ရှိ
နေသော ရှေးမြို့ဟောင်း ၄၀၀ ကျော်အနက် ရှေး
မြို့ဟောင်း ၁၀၀ ကျော်တည်ရှိသည့် မြန်မာနိုင်ငံ
အတွင်းမှ မြန်မာ့မြို့ဟောင်း သရေခေတ္တရာသည်
အရှေ့တောင်အာရှကုန်းမကြီးပေါ်ရှိ မြို့ဟောင်းများ
အနက် အကြီးဆုံးနှင့် အခမ်းနားဆုံးသော မြို့ဟောင်း
ကြီးတစ်ခုဖြစ်ပါသည်။
ထို သရေခေတ္တရာမြို့ဟောင်းကြီး၏ သမိုင်းမစ်(သ်)ကို
မည်သည့်လူမျိုးတို့၏ ရှေးရာဇ၀င်များက ပြဆိုပါသနည်း
ဆိုမူ ထို သရေခေတ္တရာမြို့ဟောင်းကြီးအား တည်ထောင်
နေထိုင်ခဲ့ကြသူများအကြောင်းကို ရှေးဗမာ့ရာဇ၀င်များ
ကသာ ထင်ရှားပြဆိုကြပါသည်။ မွန်ရာဇ၀င်၊ ရခိုင်ရာဇ၀င်၊
ရှမ်းရာဇ၀င် အစရှိသည့် ရာဇ၀င်တို့၌ ညွှန်းဆိုပြသနိုင်ခြင်း
မရှိ၊ ရှေးဗမာ့ရာဇ၀င်များကသာ ညွှန်းဆိုပြသနေသည့်
ရှေးမြန်မာ့မြို့ဟောင်းကြီးတစ်ခုဖြစ်ပါသည်။
ရှေးမြန်မာရာဇ၀င်အချို့က သရေခေတ္တရာကို တည်ထောင်
နေထိုင်သူတို့သည် “ဗရမ္မာ - ဗမာ ခေါ် ပျူ” လူမျိုးများဖြစ်
ကြောင်း မှတ်တမ်းတင်ဖော်ပြလျှက်ရှိပါသည်။ သို့သော်
သမိုင်းပညာသည် မည်သည့်ရာဇ၀င်ကိုမျှ ခေတ်ပြိုင်အ
ထောက်အထား မရှိလျှင် လက်မခံပါ။ ဗရမ္မာ - ဗမာ သည်
“ပျူ” လူမျိုးဖြစ်ကြောင်း ခေတ်ပြိုင်အထောက်အထားများ
ရှိပါသလော ဆိုမူ -
*ရှေးဘင်္ဂလားသားတို့သည် သရေခေတ္တရာလူမျိုးနှင့်
နိုင်ငံကို “ဗရမ္မာ ဗမာလူမျိုး ၊ ဗရမ္မာ ဗမာနိုင်ငံ” ဟု
သိရှိခေါ်ဆိုခဲ့ကြကြောင်းကို ဆရာကြီး တော်စိန်ခို
(ကျောက်စာဝန်)က (၂၀ ရာစု)ဆန်းစကတည်းက
ဖော်ထုတ်ရေးသားခဲ့ပါသည်။ *
*ရှေးအိန္ဒိယသားတို့သည် မြန်မာနိုင်ငံကို အစဉ်အလာ
အားဖြင့် “ဗြဟ္မာ (အသံထွက်-ဗရမ္မာ)”ဟု ခေါ်ဆိုခဲ့ကြ
ကြောင်းကို W.S.Dei Sai (ပါမောက္ခ၊ သမိုင်း၊ ရန်ကုန်
တက္ကသိုလ်၊ ၁၉၄၆-၄၇) ကလည်း ဖော်ထုတ်ရေးသား
ခဲ့ပါသည်။*
*ရှေးဘင်္ဂလားသားနှင့် ရှေးအိန္ဒိယသားတို့က “ဗရမ္မာ”
ဟု သိရှိခေါ်ဝေါ်ခဲ့ကြသော လူမျိုးနှင့် နိုင်ငံကို သရေ
ခေတ္တရာခေတ်ပြိုင် ဘီစီ ၂ ရာစု ၊ အေဒီ ၃ ရာစု တရုတ်
တို့က (စုံစမ်းထောက်လှမ်းပြီး) ယင်း ယူနန်နှင့် ပင်လယ်
ကြားရှိ နိုင်ငံနှင့်လူမျိုးကို “ဗရမ္မာ ဟုလည်းကောင်း၊
ပျူ ဟုလည်းကောင်း” သိရှိမှတ်တမ်းတင်ခဲ့ကြပါသည်။
အေဒီ ၆ ရာစုလွန်ခေတ် တရုတ်တို့ကလည်းယင်း ဗရမ္မာ
ခေါ် ပျူကို ဗရမ္မာ ဟု သိရှိမှတ်တမ်းတင်ခဲ့ကြပါသည်။*
*အေဒီ ၁၀ ရာစု - ၁၃ ရာစု စုန့်ခေတ်မှတ်တမ်း၊
အေဒီ ၁၃-၁၄ ရာစု ယွန်ရှိခေတ် မှတ်တမ်းတို့ကလည်း
သက်သေခံလျှက်ရှိပါသည်။ ဘီစီ ၂-ရာစု - အေဒီ
၆ ရာစု ပျူလူမျိုး-ဗရမ္မာလူမျိုးကို အေဒီ ၇-၁၀ ရာစု
တရုတ်တို့က ပျူ ဟုလည်းကောင်း၊ အေဒီ ၁၀-၁၄ရာစု
တရုတ်တို့က ပျူလူမျိုး၊ မြန်မာ(မီယန်) ဟုလည်းကောင်း
သိရှိမှတ်တမ်းတင်ခဲ့ခြင်းအရ ပျူဗရမ္မာလူမျိုးသည်
ပျူမြန်မာလူမျိုးဖြစ်ကြောင်း အလွန်ထင်ရှားလျှက်
ရှိပါသည်။*
*ရှေးဗမာရာဇ၀င်အချို့တွင် ဗရမ္မာ အမည်မှာ -
“ဗရုမ်မာ၊ ပရုမ်မာ၊ ပရုမာ(ပြုမာ)၊ ပြု” ဟု အမည်
ပြောင်းလဲဖြစ်ပေါ်ကြောင်း ဖော်ပြချက် မှန်ကန်ကြောင်း
ကို တရုတ်မှတ်တမ်းတို့က “ဗရမ္မာလူမျိုး၊ ပျူလူမျိုး” ဟု
အမည် ၂ခုဖြင့် သိရှိမှတ်တမ်းတင်ချက်က ထောက်ခံ
လျှက်ရှိပါသည်။*
*ပုဂံခေတ် ဗမာကျောက်စာများတွင် ဗြဟ္မာ(ဗရမ္မာ)ဟူ
သောဝေါဟာရကို “ဗြုံဟ္မာ၊ ဗရုမ်မာ၊ ပြုမ်မှာ(ပရုမ်မှာ)၊
ပြုမှာ(ပရုမှာ)” ဟုလည်း ရေးထိုးခဲ့ကြရာ *ဗရမ္မာ ကို
ပရုမ်မာ၊ ပြုမှာ အတိုကောက် ပရုမ်လူမျိုး၊ ပြုလူမျိုး”
ဟု ခေါ်ဆိုခဲ့ကြောင်း တွေ့မြင်ရပါသည်။*
*သရေခေတ္တရာပြည်၊ ပရုမ်းမြို့ ဟူသည်မှာ “ပရုမ်
မာမြို့၊ ဗရမ္မာမြို့” ဟု ဆိုလိုခြင်းဖြစ်ပါသည်။*
*ပုဂံခေတ် နရပတိစည်သူမင်းလက်ထက် ဆရာတော်
ရှင်အဂ္ဂ၀ံသာဘိသာန ၏ သဒ္ဒနီတိ ပါဠိသဒ္ဒါကျမ်းတွင်
မြန်မာကို “မရမ္မ” ဟုသာ ရေးသားပါသည်။
*မရမ္မရဌေ၊ အရမိဒ္ဒနပူရေ* ဟု ဆရာတော်ရေးသား
ခဲ့ပါသည်။ *မရမ္မာနိုင်ငံ အရိမဒ္ဒနမင်းနေပြည်* ဟု
အဓိပ္ပယ်ဆောင်ပါသည်။*
*ပုဂံခေတ် သုလဖရစ်သားကျောက်စာတွင် ပုဂံမြို့ကို
“ပုရာဂမ္မ” ဟုလည်းကောင်း၊ “ပုဂံ” ဟုလည်းကောင်း
ရေးထိုးချက်အရ ပုဂံသည် ပုရာဂမ္မ (ခေါ်) ပြူဂါမမြို့၊
ပြူ ဆိုသည်မှာ ပြုမှာ-ဗရမ္မာလူမျိုး၊ ပုဂံ (ခေါ်) ပြူဂါမ
မြို့သည် ပြူ (ခေါ်) ပြုမှာ (ခေါ်) ဗရမ္မာမြို့ ဖြစ်ကြောင်း
ထောက်ခံလျှက်ရှိပါသည်။*
*အေဒီ ၁၆ ရာစုမှ စတင်၍ ဗမာလူမျိုးနှင့် နိုင်ငံကို သိရှိ
လာကြသော ပြင်သစ်၊ အီတလီတို့သည် ၎င်းတို့ရေးဆွဲ
သော ၁၆ ရာစု၊ ၁၇ ရာစု၊ ၁၈ ရာစု မြန်မာနိုင်ငံ မြေပုံ
ပေါ်တွင် ဗရမ္မာ(Bruama , Bruma) ဟု သိရှိရေးထိုး
ထားကြပြီး ယနေ့တိုင် ပြင်သစ်၊ အီတလီ၊ စပိန်တို့က
ဗမာ-မြန်မာ ကို ဗရမ္မာ ဟုသာ သိရှိခေါ်ဝေါ် ရေးသား
ပုံနှိပ်ဖော်ပြကြပါသည်။*
*ရခိုင်ရာဇ၀င်တို့သည်လည်း သရေခေတ္တရာခေတ်၊ ပုဂံ
ခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူ-ညောင်
ရမ်းခေတ်၊ ကုန်းဘောင်ခေတ် မြန်မာတို့ကို ပျူ ဟု
လည်းကောင်း၊ ရခိုင်မင်းသမီးဧချင်းတွင် ပုဂံ အလောင်း
စည်သူမင်းကြီးကို “ပုတသိန်းမင်း” (ပျူတသိန်းမင်း)
ဟုလည်းကောင်း၊ အေဒီ ၁၉ ရာစု ခေတ်ပြိုင်ရေး
ဓည၀တီအရေးတော်ပုံ (ခေါ်) ရခိုင်ရာဇ၀င်တွင်
ကုန်းဘောင်ခေတ်မြန်မာတို့ကို ပျူများဟု လည်း
ကောင်း ရေးသားဖော်ပြထားပါသည်။*
*သရေခေတ္တရာ ခင်ဘကုန်းတွေ့ ငွေဗောဓိကြုတ်အခြေ
ပတ်လည်စာတွင် “ပုဗရမိပြည်တော်” ဟု ရေးထိုးထား
သော စာကလည်း ပု (ခေါ်) ပျူ သည် သက္ကဋလို ဗရမိ
လူမျိုး၊ ပါဠိလို ဗရမ္မာလူမျိုးဖြစ်ကြောင်း၊ သရေခေတ္တရာ
မြို့ကြီးသည် ပျူ (ခေါ်) ဗရမ္မာလူမျိုးတို့၏ မင်းနေပြည်
တော်ဖြစ်ကြောင်းကို ထောက်ခံလျှက်ရှိပါသည်။*
*ပုဂံမင်းကြီးတစ်ပါးကို အိန္ဒိယ ဗုဒ္ဓဂါယာတွေ့ ပုဂံခေတ်
ကျောက်စာတွင် “ပုတသိန်းမင်း(ပျူတသိန်းမင်း) ဟု
ရေးထိုးဖော်ပြထားပါသည်။*
အထက်ပါအထောက်အထား ပေါင်းစုံတို့အရ ဗရမ္မာသည်
ဗမာ-မရမ္မာ-မြန်မာ (ခေါ်) ပျူလူမျိုးဖြစ်ကြောင်း ကောင်း
စွာထင်ရှားနေပြီး သရေခေတ္တရာ ဗရမ္မာ-ဗမာ လူမျိုးတွင်
“ပျူ” ဟူသောအမည်ပွားရှိကြောင်း၊ သရေခေတ္တရာမြို့၊
လူမျိုး၊ စာအက္ခရာ၊ ယဉ်ကျေးမှုတို့သည် ဗရမ္မာမြို့၊ ဗရ
မ္မာလူမျိုး၊ ဗရမ္မာ စာအက္ခရာ၊ ဗရမ္မာယဉ်ကျေးမှုဖြစ်ကြောင်း၊
*မြန်မာဟူသော ပျူ ၊ မြန်မာဟူသည် ပျူ့သား ပျူ့မြေး ၊
ပျူ စစ်လျှင် မြန်မာ* ဟူသော ရှေးဗမာ မှတ်တမ်းစကားများ
မှန်ကန်ကြောင်း အလွန်ထင်ရှားလျှက် ရှိပါသည်။

Thant Lwin Oo

1 comment:

  1. ပျူတွေကဗမာဖြစ်တယ်လို့ပြောလို့ရမယ်မထင်ဘူး၊ ဘာဖြစ်လဲဆိုတော့ ပျူစကားကဘာလို့
    ပျူလူမျိုးတွေ့နဲ့အတူမကျန်ခဲ့သလဲဆိုတဲ့အချက်ပါ၊ ဒါအခိုင်မာဆုံးအထောက်အထားတစ်ခုပါ

    ReplyDelete