ဗုဒ္ဓဂါယာကို မွတ်စလင်တို့ဖျက်စီးပုံ
====================
(Mr.L.S.S.O Malley I.C.S Bengal District Gazetteer
Chapter V.Page No.26)တွင် ပါရှိသော ဗုဒ္ဓဂါယာနှင့် မဟာမေဒင်တို့၏ အဖြစ်အပျက်ကို ၀မ်းနည်းစွာဖြင့် ရေးသားဖော်ပြရလျှင် ---
ခရစ်သက္ကရာဇ် ၁၁၉၃ ခုနှစ်တွင် “မိုဟာမတ်ဘတ်တီယာခိလဂျီ” ဆိုသူ မွတ်စလင်စစ်ဗိုလ်ကြီးသည် မဂဓတိုင်းခေါ် ဘီဟာနယ်ကို သိမ်းပိုက်ခဲ့သည်။ “ဘတ်တီယာခိလဂျီ” ဆိုသူမှာ အိန္ဒိယပြည်ကို စတင်လာရောက်တိုက်ခိုက်ခဲ့သူ “မိုဟာမတ်ဂေါ်ရီ” ခေါ် အာဖဂန်စစ်ဗိုလ်ချုပ်ကြီး၏ ဗိုလ်မှူးတစ်ဦးဖြစ်၍ သူ၏တာဝန်မှာ “ဘီဟာ” နယ်အားတိုက်ခိုက်ရန်ဖြစ်သည်။ အခြား ဗိုလ်မှူးတစ်ယောက်၏အမည်မှာ “မိုဟာမတ်ကုတ်ဘွဒ္ဒိန်” ဖြစ်ပြီး သူ၏တာဝန်မှာ “ယူပီ”နယ်ကို တိုက်ခိုက်ရန်ဖြစ်သည်။
၎င်းတို့ ၂ဦးစလုံးသည် လက်အောက်ခံစစ်သားပေါင်း (၆၀၀၀)ခန့်ကို အုပ်ချုပ်ရသည်။ “ဘတ်တီယာခိလဂျီ” နှင့် နောက်လိုက် မွတ်စလင်စစ်သားတို့သည် “ဂယာဒိစတြိတ်”ရှိလူပေါင်းများစွာကို သတ်ဖြတ်လုယက်ပြီးလျှင် ကိုးကွယ်ရာအဆောက်အဦးများစွာကိုလည်းဖျက်စီးပစ်လေရာ ထိုအထဲ တွင် ဗုဒ္ဓဂါယာမြို့ပေါ်ရှိ အဆောက်အအုံပေါင်းများစွာ ပါဝင်ခဲ့သည်။
၁၁၉၃ ခုနှစ်၊ မတ်လတွင် မွတ်စလင်စစ်သားပေါင်း (၂၀၀၀)ခန့်နှင့် ဗုဒ္ဓဂါယာမြို့သို့လာရောက်ကာ ကျောင်းစသော အဆောက်အအုံတို့အား မီးရှို့ခြင်း၊ လုယက်ခြင်း၊ ရဟန်းတော်များအား ဓါး၊ လှံ စသော လက်နက်တို့ဖြင့် သတ်ဖြတ်ခြင်း၊ ရာပေါင်းများစွာသော စေတီပုထိုးတို့ကိုလည်း ရက်ရက်စက်စက် ဖျက်စီးခြင်း၊ မြေပုံချင်း မရေတွက် နိုင်လောက်အောင် များပြားသော ရုပ်တုတော်များကို ရိုက်ချိုးခြင်း၊ ခြေထောက်နှင့်နင်းခြင်း၊ ကန်ကျောက်ခြင်း စသည်ဖြင့် ရက်စက်ကြမ်းကြုတ်စွာဖျက်စီးခဲ့သဖြင့် ဓါး၊ လှံ လက်နက်မှ လွတ်သော
ရဟန်းတော်တစ်ချို့မှာ တိဗက်ပြည်၊ နီပေါပြည်နှင့် အိန္ဒိယတောင်ပိုင်း တိမ်းရှောင်သွားကြရလေသည်။ ဘီဟာနယ်တွင် လူအများ ခိုကိုးရာဖြစ်သော ဗုဒ္ဓဘာသာသည် “ဘတ်တီယာခိလဂျီ”၏ ဓါး၊ သံလျက်၊ မီး စသောလက်နက်တို့ဖြင့် ပျောက်ကွယ် ခဲ့ရလေသည်။ ထောင်ပေါင်းများစွာသော ရဟန်းတော်များလည်း ပျံလွန်တော် မူခဲ့ရလေသည်။” ဟုလည်းကောင်း
စာမျက်နှာ ၅၅-တွင်ရေးသားတင်ပြထားသည်မှာ -
“၁၂-ရာစု ကုန်ခါနီးတွင် မဂဓတိုင်းသူတိုင်းသားတို့၏ ကိုးကွယ်ဆည်းကပ်ရာဖြစ်သော သံဃာတော်အရှင်မြတ်တို့မှာ အလုံးစုံကွယ်ခဲ့ပြီဖြစ်ရာ တိုင်းကြီးတစ်လျှောက်တွင် တောကြီးသေလာ ဟိမ၀န္တာကဲ့သို့ ဆိတ်ငြိမ်လျှက်ရှိလေသည်။ မဂဓတိုင်းတစ်ခုလုံးကို တောက်ပြောင်စေခဲ့သောသာသနာရောင်တော်သည်လည်း လကွယ်ည ညဥ့်သန်းခေါင်ကျော်အချိန်ကဲ့သို့ အမိုက်အမှောင် အတိ ဖုံးအုပ်လျှက်ရှိတော့သည်။ ရဟန်း ရှင်လူအပေါင်းတို့၏ ၀တ်ပြုရာဖြစ်သော ကျောင်း၊ ကန်၊ စေတီ၊ပုထိုး၊ ဓမ္မာရုံတို့မှာလည်း ပြာပုံအတိဖြစ်ခဲ့ပြီးလျှင် တိုင်းပြည်တွင်း ခိုအောင်းနေသည့် လူအပေါင်းတို့မှာလည်း သောကလှိုက်လှဲ ၀မ်းနည်းဖွယ်ကောင်းသော အခြင်းအရာကို ပြသလျှက် ရှိရာ ဥပသကာ/ဥပသကီမအပေါင်းတို့သည်လည်း မျက်ရည်များပင် တစ်ဖြိုင်ဖြိုင်တစ်စက်စက်ကျရှာလေသတည်း။ မွတ်စလင်တို့ လက်အောက်သို့ ကျရောက်ကြရှာသော မာဂဓတိုင်းသူ အချော အလှတို့ကိုလည်း မွတ်စလင်စစ်သားတို့က သဘောကျရွေးယူပြီးလျှင် အတင်းဓမ္မ အစ္စလာမ်ဘာသာ ထဲသို့ ဆွဲသွင်းကြကုန်သည်။ အလိုဆန္ဒမတူပဲနှင့် ကာမဂုဏ်စည်းစိမ်ကို မြိန်မြိန်ရှက်ရှက်ကြီး ခံစားကြလေကုန်သည်။ ” ဟု ရေးသားမှတ်တမ်းတင်ထားသည်။
(Mr . J-C ကျောက်ဓူရီ၏ ဗာရတ၀ရသျှဣတိဟာစဲ) စာအုပ်၏ စာမျက်နှာ ၁၂၃-တွင်ကား ဤသို့ရေးသားထားခဲ့သည် -
“မဂဓတိုင်းကြီးကို ၃-ကြိမ်တိုင်အောင် မွတ်စလင်တို့ ၀င်ရောက်တိုက်ခိုက်ခဲ့၏။ ၁၁၉၃-ခုနှစ်တွင် “ဘတ်တိယာခိလဂျီ”သည် ခြေလျင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ကုလားအုပ်တပ် တို့ဖြင့် ၀င်ရောက်တိုက်ခိုက်ရာ မဂတတိုင်းတောင်ဘက်ပိုင်းကို လွယ်ကူစွာအောင်မြင်ခဲ့၍ များစွာ ကုန်သော လူ၊ ရှင်ရဟန်းတို့အား သတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ သူတော်စင်အပေါင်းတို့ ကိန်းအောင်းရာဖြစ်သည့် ကျောင်းသိင်္ခမ်းစသော အဆောက်အဦးတို့ကို ဖျက်စီးခြင်း၊ အမျိုးသမီးများအား မုဒိမ်းကျင့်ခြင်း ဤသို့ ရက်ရက်စက်စက် သောင်းကျန်းမွှေနှောက် ကြသည်ရှိသော် ၁၁၉၅-ခုနှစ်တွင် ရွှေ၊ ငွေဘဏ္ဌာမြောက်မြားစွာတို့ကို လုယူ၍ အိန္ဒိယပြည် မြောက်ဘက်ရှိ “ဒက်ကင်း”နယ်သို့ ပြန်သွားကြလေသည်။ တိုင်းပြည်ကို မည်သို့မည်ပုံ အုပ်ချုပ် ရမည်ဟူသော ဥပဒေစည်းမျဉ်းတစ်စုံတစ်ရာ ရေးဆွဲခဲ့ခြင်းမရှိချေ။ ထို့ကြောင့် ဤစစ်ပွဲသည် စီးပွားရေးအကြောင်းခံသောစစ်ပွဲ ဟုဆိုအပ်ပါပေသည်။”
“ရာဇဂြိုလ်၊ နာလန္ဒ၊ ပါဋလိပုတ်မြို့များသို့ မရောက်ခဲ့သေး။ ဗုဒ္ဓဂါယာအဆောက်အဦးများမှာကား ဤအချိန်တုန်းကပင်
ပါဝင်ခဲ့သဖြင့် ပျက်စီးခြင်းသို့ ရောက်ရပေသည်။ ဗုဒ္ဓဂါယာကို ဖျက်စီးစဉ်က ဘတ်တိယာခိလဂျီ၏ စစ်သားပေါင်းများစွာတို့မှာ
“ကာလရောဂါ၊ ကျောက်ရောဂါ၊ ပုလိပ်ရောဂါ” တို့ကြောင့် မရှုမလှသေကျေပျက်စီးကြသည်ဟု ဆို၏။”
“ထိုသို့သေကျေပျက်စီးသည်ကိုပင် ခိလဂျီကား ကြောက်ရွံ့ခြင်းမရှိသေး။ ဤ ဂေါတမဘုရားကို ဆုံးမမှုကြောင့် ငါ၏စစ်သားပေါင်းများစွာ မရှုမလှသေကြရလေပြီ။ ထို့ကြောင့် ဤဂေါတမသည် လူသတ်ဘုရားသာဖြစ်သည်ဟု စွပ်စွဲကာ စစ်သားတို့၏ အလောင်းအချို့ကို ဗုဒ္ဓဂါယာမြို့ရှိ ကျောင်းရာ စေတီရာတို့တွင် မြှုပ်နှံပြီး အချို့ကို ဗုဒ္ဓဂါယာနှင့် ဂယာအကြားသို့ ယူဆောင်ပြီးလျှင် စေတီ၊ ပုထိုးများမှ ကျောက်၊ အုတ်တို့ဖြင့် အရိုးဂူဗလီများဆောက်ထားခဲ့လေသည်။”
ထို့ကြောင့် ၁၁၉၃-ခုနှစ်ကို ဘီဟာနယ်တောင်ပိုင်းရှိ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့၏ သွေးစက်များ မြေပေါ်သို့ကျခဲ့ရသော နှစ်သက္ကရာဇ်ဟူ၍ မှတ်ယူကြရပေမည်။ ဗုဒ္ဓဘာသာရဟန်းတော်တို့မှ ယိုစီးခဲ့ရသော မျက်ရည်စက်နှင့် သွေးစက်များကား ဗုဒ္ဓဂါယာမြေကြီးတစ်ခုလုံးကိုနီမြန်းသွားစေသည်။
ထောင်သောင်းမကသော ဘုရား၊ ကျောင်း၊ စေတီပုထိုးတို့မှာလည်း အန္တိမဘ၀သို့ ကျရောက်ကာပြုစုစောင့်ရှောက်မည့် ဒါယကာများဖြင့် ဝေးကွာခဲ့ရလေသည်။ ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ ဘုရားအဖြစ်သို့ရောက်ရှိတော်မူရာ အ၀ိဇဟိတဌာနကြီး တစ်ခုပင် ဖြစ်လင့်ကစား သင်္ခါရဓမ္မစက်ကွင်းမှ မလွတ်ကင်းနိုင်သဖြင့် ဤကဲ့သို့ မွတ်စလင်တို့၏ ဓါး၊ သန်လျက် စသောလက်နက်တို့ဖြင့် ပျက်စီးခြင်းသို့ရောက်ရပါတကားဟု သံဝေဂယူကြပါကုန်။
ဒုတိယအကြိမ်အဖြစ် အဆိုပါ ဘတ်တိယာခိလဂျီသည် ခရစ်သက္ကရာဇ် ၁၁၉၇-ခုနှစ်၊ ဇန်န၀ါရီလတွင် မဂဓနေပြည်တော်သို့ ၀င်ရောက်တိုက်ခိုက်ပြန်ရာ ရှေးကကဲ့သို့ပင် ဟိန္ဒိုနှင့် ဗုဒ္ဓဘာသာ နှစ်ရပ်စလုံးကို ဖျက်စီးပြန်လေသည်။
၁၁၉၉-ခုနှစ်တွင် “မဟာမက်ကုတ်ဘွဒ္ဒိန်”သည် ပါဋလိပုတ်၊
ဗာဂေါလ်ပူရ် စသော ဘီဟာနယ် မြောက်ပိုင်းရှိ မြို့များမှ ၀င်ရောက်တိုက်ခိုက်ပြန်ရာ ပါဋလိပုတ်၊ နာလန္ဒာ၊ ရာဇဂြိုလ် စသောနယ်များရှိ ဘုရားအဆောက်အအုံပေါင်းများစွာတို့နှင့် ရဟန်းတော်ပေါင်းများစွာတို့အား သတ်ဖြတ်ဖျက်စီးလေရာ နလန်မထူနိုင်အောင် ပျက်စီးခဲ့ရလေသည်။
ဤသက္ကရာဇ်၌ မဂဓတိုင်းခေါ် ဘီဟာနယ်ကြီးမှာ မွတ်စလင်တို့လက်အောက်သို့ အလုံးစုံကျရောက်ခဲ့ရလေသည်။ ၎င်း “မဟာမက်ကုတ်ဘွဒ္ဒိန်” သည် ဘီဟာနယ်တစ်ခွင်လုံးကို ပွဲဦးထွက် ဘုရင်ခံအဖြစ်ဖြင့် အုတ်ချုပ်ခဲ့လေသည်။
No comments:
Post a Comment